ရန်ကုန် ၂၇ ဇူလိုင်
အလုပ်ရှင်များအတွက် ဝန်ဆောင်မှုကဏ္ဍအသစ်များမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၌ ကျင်းပသည်။
အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ UMFCCI အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ပြည်တွင်းနှင့် ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ၊ သံရုံးများမှ တာဝန်ရှိသူများနှင့် အလုပ်သမားအဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ စီမံခန့်ခွဲရေးဒါရိုက်တာနှင့် လက်ထောက်စီမံခန့်ခွဲရေးဒါရိုက်တာတို့က အလုပ်ရှင်အဖွဲ့အစည်းတို့၏ အတွေ့အကြုံ များရှင်းလင်းဆွေးနွေးခြင်း၊ UMFCCI တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က မြန်မာနှင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများအတွက် ဝန်ဆောင်မှုကဏ္ဍဆိုင်ရာအကြောင်း ရှင်းလင်းပြောကြားခြင်း၊ UMFCCI မှ ဝန်ဆောင်မှုမြှင့်တင်ရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူ ဦးမြင့်ကျော်က အလုပ်ရှင် အဖွဲ့အစည်းဌာန၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများအကြောင်း မိတ်ဆက်ခြင်းနှင့် UMFCCI ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ အလုပ်ရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ILO မြန်မာရုံးနှင့် ဘန်ကောက်ရုံးတို့မှ တာဝန်ရှိသူများက ကောင်းမွန်သော လုပ်ငန်းခွင်ဆက်ဆံရေးစနစ်တစ်ရပ် ဖြစ်ပေါ်လာရေးအတွက် အဓိက အရေးပါသူများခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။
UMFCCI အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက “မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ အလုပ်ရှင်အဖွဲ့အစည်း ပေါ်ပေါက်လာဖို့ UMFCCI အောက်မှာ ILO နဲ့ ပူးတွဲဖို့ အလုပ်ရှင်အဖွဲ့အစည်းဌာနကို ၂၀၁၆ ခုနှစ်မှာ ဖွဲ့စည်းထားပါတယ်။ ဒီနေ့ကတော့ အလုပ်ရှင်အဖွဲ့အစည်းကနေ ဆက်ဆံရေးပိုမိုကောင်းမွန်လာရေး၊ လေ့လာရေးသင်တန်းတွေ၊ စာတမ်းဖတ်ပွဲတွေ တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်တာကို အသိပေးတင်ပြတာပါ။ လက်ရှိလုပ်ငန်းခွင်ထဲက ကုန်ထုတ်စွမ်းအား တိုးတက်ရေး၊ အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေး၊ လိုက်နာကျင့်သုံးရမယ့် လုပ်ထုံးလုပ်နည်းတွေ၊ ကွန်ရက်ချိတ်ဆက် ဆောင်ရွက်မှုတွေလည်း ပါဝင်ပါတယ်”ဟု ပြောသည်။
ထို့အပြင် ခိုင်မာသည့် စက်မှုဆက်ဆံရေးစနစ်များရရှိစေရန်၊ စီးပွားရေးလုပ်ငန်းများအတွက် ကောင်းမွန်သည့် နိုင်ငံတကာအလေ့အကျင့်များနှင့် လိုက်ဖက်သည့် အလုပ်သမားဥပဒေများဖြစ်ပေါ်စေရန်၊ မြန်မာနိုင်ငံတွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် စိတ်ဝင်စားသည့်ဈေးကွက်တစ်ခု ပေါ်ပေါက်စေရန်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
UMFCCI တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က “ဒီဌာနကို ပိုပြီး တိုးတက်အောင်ဆောင်ရွက်ဖို့ အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေကြားမှာ မပြေလည်မှုတွေ၊ အငြင်းပွားမှုတွေ ဖြစ်ပေါ်တာကြောင့် အလုပ်ရှင်တွေအနေနဲ့ လုပ်ရိုးလုပ်စဉ်တွေကနေ နိုင်ငံမှာရှိတဲ့ ဥပဒေတွေကို ခုထက်ပိုပြီး နားလည်ဖို့လိုအပ်လာတယ်။ အပြည်ပြည်ဆိုင်ရာ ကျင့်သုံးမှုကိုလည်း ပိုမိုနားလည်ဖို့ ILO အဖွဲ့အစည်းရဲ့အကူအညီနဲ့ ပြန်လည်မွမ်းမံပြင်ဆင်ခြင်းဖြစ်ပါတယ်။ ခုလိုဆောင်ရွက်ရာမှာ ကဏ္ဍအသီးသီးက ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေအပြင် ကော်မတီကိုပါ ပြန်ဖွဲ့စည်းထားပါတယ်။ သုတေသနတွေ ကွင်းဆင်းလေ့လာမှုတွေလုပ်တယ်၊ လုပ်ငန်းရှင်တွေရဲ့အသံကိုလည်း ပြန်နားထောင်တယ်။ ဒါကို အခြေခံပြီး သင်တန်းတွေပေးဖို့ စီစဉ်ထားတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းစုများအနေဖြင့် တည်ဆဲအလုပ်သမားဥပဒေများအပေါ် လိုက်နာမှုနှင့် အကောင်းဆုံးလုပ်သားထု ပုံစံရှိနိုင်သည့် လုပ်ငန်းခွင်များ ဖန်တီးနိုင်ရန် သင်တန်းများ ပို့ချပေးခြင်း၊ အကြံပေးခြင်းနှင့် သတင်းအချက်အလက်မျှဝေခြင်း အစရှိသည့် လိုအပ်ချက်များအတွက် အလုပ်ရှင်အဖွဲ့အစည်းဌာနက လိုအပ်သည့် အထောက်အကူများပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စီးပွားရေးလုပ်ငန်းနှင့် အစိုးရအကြားတွင် ပေါင်းကူးဆက်သွယ် ဆောင်ရွက်ပေးခြင်းများကို အကောင်းဆုံးဝန်ဆောင်မှုပေးရန်နှင့် ထိုသို့ဆောင်ရွက်ပေး ခြင်းဖြင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ကုန်ထုတ်လုပ်ငန်းများ၏ နှောင့်နှေးကြန့်ကြာမှုကို အနည်းဆုံးဖြစ်စေပြီး ကုန်ထုတ်လုပ်ငန်းစဉ်များ အချိန်တိုအတွင်း လျင်မြန်ချောမွေ့စွာ ပြန်လည်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အဆိုပါ အခမ်းအနားမှ သိရသည်။
သတင်း - မြတ်စန္ဒီ
ဓာတ်ပုံ - ဇော်မင်းလတ်


