နေပြည်တော် နိုဝင်ဘာ ၁၅
အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန၏ အလုပ်ရုံ စစ်ဆေးရေးဆိုင်ရာ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက စစ်ဆေးရေးအရာရှိများအနေဖြင့် စစ်ဆေး ရေးသွားရောက်ရာတွင် လုပ်ငန်းခွင်တွင်ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များကို ရှာဖွေဖော်ထုတ်ပြီး ထိရောက်သည့် ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ အလုပ်ရှင်၊ အလုပ်သမားများအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပို့ချပေးခြင်း၊ လုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေ တိုင်းတာအကဲဖြတ်ခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် အသိအမြင် များဆွေးနွေးဖလှယ်၍ လိုအပ်သည့်အကြံဉာဏ်များ ထောက်ပံ့ပေးခြင်း စသည့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်ပေးခြင်းဖြင့် လုပ်ငန်းခွင်ထိခိုက်မှု မဖြစ်ပွားစေရန် ကြိုတင် တားဆီးကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ စစ်ဆေးရေးအရာရှိများအနေဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အလေးထားဆောင် ရွက်ကြရန်လိုကြောင်း။
တိုးတက်ပြောင်းလဲနေသည့် ခေတ်ကာလအခြေအနေနှင့်အညီ နည်းပညာအသစ် များကြောင့် ဖြစ်ပေါ်လာမည့် လုပ်ငန်းခွင်ဘေးအန္တရာယ်များ၊ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို မျက်ခြေမပြတ် လေ့လာနေရန်လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ လုပ်ငန်း ခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ် အဆင့်မြှင့်တင်နိုင်ရန် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထူးချွန်ဆုရ သင်တန်းသူ/ သင်တန်းသားများကို ဂုဏ်ပြုဆုများပေးအပ်ပြီး သင်တန်းတက်ရောက်ပြီးစီးမှု အသိအမှတ်ပြုလက်မှတ်များကို သင်တန်းသား သင်တန်းသူများထံ ပေးအပ်သည်။
သင်တန်းကာလအတွင်း စစ်ဆေးရေးအရာရှိများကို လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဘာသာရပ်များကို စာတွေ့သင်ကြားပို့ချရုံသာမက လုပ်ငန်းခွင်သို့ ကွင်းဆင်းစစ်ဆေးခြင်း၊ သင်ထောက်ကူပြုပစ္စည်းများဖြစ်သည့် လုပ်ငန်းခွင်ပတ်ဝန်းကျင် တိုင်းတာရေးကိရိယာများဖြင့် တိုင်းတာအကဲဖြတ်ခြင်း (Working Environment Measurement) တို့ကို လက်တွေ့ဆောင်ရွက်စေခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်