ရန်ကုန် ၂၈ သြဂုတ်
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်(CTUM)နှင့် သက်ဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများ ပူးပေါင်းကာ အလုပ်သမား သမဂ္ဂများ ခိုင်မာအားကောင်းစေရန် ရည်ရွယ်၍ အလုပ်သမား သမဂ္ဂပညာရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်၌ သြဂုတ် ၂၇ ရက်နှင့် ၂၈ ရက် နှစ်ရက်တာ ကျင်းပခဲ့သည်။
“ကျွန်တော်တို့ ပူးပေါင်းလုပ်နေတာက ဒိန်းမတ်နိုင်ငံ အလုပ်သမားမဂ္ဂ အပြည်ပြည်ဆိုင်ရာ ပံ့ပိုးရေး အဖွဲ့နဲ့ပါ။ အလုပ်သမားတွေကို ဘယ်လိုသင်ကြားရမယ် ဆိုတဲ့ စနစ်တကျ သင်ကြားမှု မရှိသေးတဲ့အတွက် သင်ကြားမှု နည်းစနစ်အပိုင်း၊ အလုပ်ရှင် အလုပ်သမား ချုပ်ဆိုတဲ့စာချုပ်၊ လုပ်ငန်းခွင် ဘေးကင်းရေးနဲ့ ပတ်သက်တာတွေနဲ့ ပတ်သက်ပြီး ဘယ်လို သင်မလဲဆိုတာတွေ ဒီသင်တန်းမှာ ဆွေးနွေးမယ်။ နောက်ပိုင်းမှာ အခုသင်တန်းသားတွေထဲကနေ Trainers of Training အတွက် လူ(၂၀)လောက် ရွေးထုတ်ပြီး သင်တန်းတွေ ထပ်ပေးသွားမယ်။ မြန်မာနိုင်ငံမှာ အလုပ်လုပ်နိုင်တဲ့ အလုပ်သမားထုက ၂၂သန်း ရှိတယ်။ ဒီအတွက် ဘယ်လိုဆင့်ပွား သင်တန်းတွေ ပေးမလဲ၊ သင်ရမယ့်ဆရာ တစ်ယောက်ရဲ့ skill နဲ့ ဘယ်လို လိုက်နာရမလဲဆိုတာတွေ သင်ကြားပေးသွားမှာဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင် ကပြောသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံရုံးမှ အလုပ်သမားရေးရာ ကောင်စစ်ဝန် Ms. Nanna Sars Schewitschက မြန်မာနိုင်ငံအတွင်း ကူညီ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် တက်ရောက်သူများက CTUM အဖွဲ့ချုပ်များအပေါ် သမဂ္ဂပညာရေး၏ အကျိုးသက်ရောက်မှုနှင့် ဒေသဆိုင်ရာသမဂ္ဂရုံးတာဝန်ခံများ၏ အနာဂတ်အလား အလာ မျှော်မှန်းချက်၊ သမဂ္ဂ ပညာပေးလုပ်ငန်းများ၏ လက်ရှိအခြေအနေအားသုံးသပ်ခြင်း၊ သမဂ္ဂများ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည့် လုပ်ငန်းများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
“အလုပ်သမား အဖွဲ့ဝင်တွေ၊ စက်ရုံ၊ အလုပ်ရုံက အလုပ်သမားတွေ၊ သမဂ္ဂတွေကို ဥပဒေပိုင်းဆိုင်ရာ သင်တန်းတွေ တစ်ပတ်တစ်ခါ အပတ်စဉ်ပေးတယ်။ အဖွဲ့ချုပ်က ခွင့်ရက်၊ ပိတ်ရက် ဥပဒေ၊ လူမှုဖူလုံရေးအကျိုး ခံစားခွင့်၊ ကျား/မတန်းတူညီမျှရေး ဒါတွေနဲ့ ပတ်သက်တဲ့ သင်တန်းတွေကို အပတ်စဉ် စင်တာမှာ သင်ကြားပေးနေပါ တယ်။ အလုပ်သမားတွေကို သင်တန်းပေးနိုင်ဖို့အတွက် သင်ရိုးညွှန်းတမ်းဆွဲနိုင်ဖို့ သင်တန်းမှာ ပါဝင်မယ့် ပစ္စည်းတွေ၊ သင်တန်းမှာ သုံးရမယ့် နည်းဗျူဟာ၊ ရှင်းလင်း တင်ပြတဲ့စွမ်းရည်တွေကို မော်ကျူး (၁၊၂၊၃)ဆင့်အထိတက်ပြီး လက်တွေ့ဆင်းရတယ်၊ သင်တန်းတစ်ခု ပေးရမယ်ဆိုရင် တစ်နေ့တာ အစီအစဉ်ကိုတိုင်ပင်ပြီး ကိုယ့်ဘာသာ ရေးဆွဲတင်ပြ ရပါတယ်” ဟု လှိုင်သာယာမြို့နယ် (IWFM)စည်းရုံးရေးမှူး ကိုမျိုးမင်းဝင်း က သင်တန်းနှင့် ပတ်သက်၍ ပြောသည်။
ဆွေးနွေးပွဲမှ ဆွေးနွေးရရှိသည့် ရလဒ်များဖြင့် သင်ရိုးညွှန်းတမ်းများ ပြန်လည် ရေးဆွဲကာ သက်ဆိုင်ရာ မြို့နယ်များ၊ အဖွဲ့အစည်းများတွင် ဆင့်ပွားသင်ကြားပေး သွားမည် ဖြစ်ကြောင်း သိရသည်။
သန့်ဇင်ဝင်း


