နေပြည်တော် ဒီဇင်ဘာ ၂၀
အလယ်အလတ်အဆင့် (Grade-2) နှင့်အဆင့်မြင့် (Grade-3) စာရင်းကိုင်နှင့်ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်-၁၀၁ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးနှင့် တိုက်ကြီးမြို့နယ်ရှိ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းတို့မှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက Online ဖြင့် တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဉီး က ပြည်သူ့ဘဏ္ဍာငွေစီမံ ခန့်ခွဲသုံးစွဲမှု၊ စာရင်းရေးသွင်းမှုနှင့် အစီရင်ခံတင်ပြမှုများတွင် အမှားအယွင်းကင်းရှင်းပြီး ယခင်ထက်ပို၍ ဉပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တိကျပြည့်စုံမှန်ကန်စွာ ဆောင်ရွက်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ သို့ပါ၍ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချခဲ့သည့် ဘာသာရပ်များကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာဆည်းပူးပြီး လက်တွေ့လုပ်ငန်းခွင်တွင် တန်ဖိုးရှိရှိ ပြန်လည်အသုံးချခြင်းဖြင့် နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးသယ်ပိုးဆောင်ရွက်ပေးနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
အဆိုပါသင်တန်းသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင် သင်တန်းသား ၂၉၇ ဉီး၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၏ကြီးကြပ်မှုဖြင့် အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း ရန်ကုန်တွင် သင်တန်းသား ၁၅၅ ဉီးနှင့် တိုက်ကြီးမြို့နယ်ရှိ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သင်တန်းသား ၁၂၀ စုစုပေါင်း ၅၇၂ ဦး တက်ရောက်ပြီးမြောက်ခဲ့ပြီး အရည်အချင်းစစ်စာမေးပွဲကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂ ရက်အထိ တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်