စေတုတ္တရာ ၄ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း၌ ကျေးလက်ဒေသများရှိ ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရန်နှင့် လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ကျေးလက်လမ်းများကို အရှိန်အဟုန်မြှင့် တိုးချဲ့ဆောင်ရွက်လျက်ရှိရာ အလယ်ဟန်ဒေါက်-ဘူး-ဇီးဖြူကုန်း ကျေးရွာချင်းဆက်လမ်းအား ချောင်းကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အလယ်ဟန်ဒေါက်-ဘူး-ဇီးဖြူကုန်း ကျေးရွာချင်းဆက်လမ်း လမ်းအရှည်(၁)မိုင်၊ အကျယ် (၁၆)ပေ ချောင်းကျောက်စရစ်ခင်းခြင်း လုပ်ငန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေကျပ် ၂၆ သန်းဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီ ၄ ရက်နေ့မှ စတင်၍ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးသောကြောင့် အလယ်ဟန်ဒေါက်ကျေးရွာ၊ ဘူးကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာများမှ ဒေသခံပြည်သူများအတွက် ရာသီမရွေး သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးနှင့် လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချရေးတို့အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နိုင်နိုင်ရွှေထံမှ သိရသည်။
စည်သူလွင်(ပြန်/ဆက်)