အမာ ၁၅ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာတွင် တောင်သူဦးစိုးဝေ၏ လယ်မြေ အတွင်း၌ ယနေ့နံနက်မှစ၍ ပေါ်ဆန်းရင်မျိုးစပါးများအား ဘောင်ပျိုးစနစ်ဖြင့်ပျိုးထောင်ပြီး (Rs to Cs) မျိုးသန့်စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းကို အမာမြို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်ဖုန်းက ကြီးကြပ်ဆောင်ရွက်ခဲ့သည်။
အမာမြို့ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ယခုနှစ် မိုးရာသီတွင် (Rs to Cs)စီးပွားဖြစ် မျိုးသန့်မျိုးစေ့ ထုတ်လုပ်ငန်းအား ဧက(၇၅)ဧက ဆောင်ရွက်လျက်ရှိပြီး ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိရေး ကောက်စိုက်သမများနှင့် စိုက်ဧက(၆၅)ဧက၊ ကျေးရွာအုပ်စု(၄)အုပ်စုတွင် စိုက်ပျိုး လျက်ရှိသည်။ ကောက်စိုက်စက်ဖြင့် မျိုးသန့်ထုတ်ဧက(၁၀)ဧကကို ကျေးရွာအုပ်စု(၁) အုပ်စုတွင်လည်း စိုက်ပျိုးထားပြီး ဘဝသစ်ကျေးရွာအုပ်စု တောင်သူဦးစိုးဝေ၏ လယ်မြေတွင် ပေါ်ဆန်းရင် မျိုးသန့် ဧက (၂၀)အား စိုက်ပျိုးလျက်ရှိသည်။
နိုင်ငံတော်အနေဖြင့်လည်း ကိုဗစ်-၁၉ ကာလဖြစ်သောကြောင့် စိုက်ပျိုးရေးလုပ်ငန်များ မကျဆင်းရေး၊ မျိုးကောင်းမျိုးသန့်များသုံးစွဲနိုင်ရန် မျိုးသန့်ထုတ်လုပ်သည့်လုပ်ငန်းအတွက် (၁)ဧကလျှင် မျိုးဖိုး ကျပ် (၁၀၅၀၀)၊ ကောက်စိုက်စရိတ် ငွေကျပ် (၇၅၀၀၀)၊ မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်းအတွက် ငွေကျပ် (၅၀၀၀၀)၊ မျိုးသန့်စင်ခြင်းလုပ်ငန်းအတွက် ငွေကျပ် (၁၅၀၀၀) ထောက်ပံ့ပေးကြောင်းနှင့် လုပ်ငန်း ဆောင်ရွက်နေမှုများကို မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က အားပေးကြည့်ရှုခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးအောင်ဖုန်းထံမှ သိရသည်။
နော်လေး(အမာ)


