ရန်ကုန်  ၁၂   မေ 

 

၂၀၁၉ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ကျရောက်သော အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့် ဟင်းချက် ပြိုင်ပွဲကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် Junction Square Outdoor Area တွင် မေလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် ကျင်းပခဲ့ကြောင်း သိရသည်။ 

 

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မိခင်များအားလုံးကို ကျေးဇူးတင်အသိအမှတ်ပြုရင်း မိသားစုအပေါ်ထားရှိ သည့် မိခင်များ၏ အနှိုင်းအဆမရှိသော ချစ်ခြင်းမေတ္တာကို ချက်ပြုတ်ခြင်းဖြင့် ဖော်ပြနိုင်ရန်အတွက် ဟင်းချက်ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

 

ဟင်းလျာများကို တီထွင်ဆန်းသစ်မှု၊ အရသာရှိမှုနှင့် အဟာရပြည့်ဝမှုတို့ပေါ်မူတည်၍ အကောင်းဆုံး ပြိုင်ပွဲဝင် ၂၅ ဦးကို ပဏာမရွေးချယ်ခဲ့ပြီး မေလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ Junction Square တွင် ကျင်းပပြုလုပ်သော ဟင်းချက်ပြိုင်ပွဲတွင် အဆင့်ဆင့်ဝင်ရောက်ယှဉ်ပြိုင်စေကာ ပထမဆု၊ ဒုတိယဆု နှင့်တတိယဆုများ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ဟင်းချက်ပြိုင်ပွဲတွင် ဒိုင်အဖြစ် စားဖိုမှူးကြီး ဦးမြင့်ဦးသာက အကဲဖြတ်ပေးခဲ့သည်။

 

Nestle Myanmar မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Mr. Michael Wong က “မြန်မာအိမ်ရှင်မတွေက မိသားစုအတွက် ချက်ပြုတ်တဲ့အခါမှာ သူတို့ရဲ့အချစ်တွေ၊ ဂရုစိုက်မှုတွေ၊ အချိန်တွေအားလုံးပေးပြီး ချက်ပြုတ်ပေးကြပါတယ်။ မြန်မာမိခင်များရဲ့ နေ့စဉ်အရသာရှိပြီး အဟာရပြည့်တဲ့ အချက်အပြုတ်နဲ့ အစားအသောက်မှာ တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရတဲ့အတွက် မက်ဂီက အမြဲတမ်းဂုဏ်ယူနေပါ တယ်” ဟု ပြောကြားသည်။

 

ဟင်းချက်ပြိုင်ပွဲများကို အဆင့်ဆင့်ကျင်းပခဲ့ပြီး ဖိုင်နယ်အဆင့်ပြိုင်ပွဲတွင် ပထမဆု ငွေသား(၁၀)သိန်း ကျပ်ကို မသန္တာအေးကလည်းကောင်း၊ ဒုတိယဆု ငွေသား(၅)သိန်းကျပ်ကို မနှင်းနုကလည်းကောင်း၊  တတိယဆု ငွေသား(၃)သိန်းကျပ်ကို မအိအိထွေးကလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဟင်းချက်ပြိုင်ပွဲကို မက်ဂီကုန်ပစ္စည်းအမှတ်တံဆိပ်ပိုင်ရှင်ဖြစ်သော Nestle Myanmar မှ တာဝန်ယူကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း

 

ge DSC_28