မန္တလေး ၂၆ ဇွန်
(၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နဝမအကြိမ်မြောက် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲကို ဇွန် ၂၆ ရက် နံနက်၈ နာရီက ရွှေမန်းတောင် အားကစားကွင်း(မြင်းပြိုင်ကွင်း)၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေမှ ပေးပို့သော သဝဏ်လွှာကို မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ဖတ်ကြားခဲ့သည်။
ထိုနောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲဆုရ ကျောင်းသား ကျောင်းသူများအား ဆုများချီးမြှင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဗီဒီယိုမှတ်တမ်းအား ပြသခဲ့ပြီး ဆုရရှိသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ (၃၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နဝမအကြိမ်မြောက် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများအား ကြည့်ရှုစစ်ဆေးပြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ပညာရေးကောလိပ်မှကျောင်းသား မောင်ပိုင်မင်းခန့်နှင့် ကျောင်းသူ မထူးသော်တာတို့က စက်ခလုတ်နှိပ် ဖျက်ဆီးခဲ့ကြပြီး နောက်ခင်းကျင်း ပြသထားသော ပြခန်းများအား ကြည့်ရှုအားပေးခဲ့ကြသည်။
တင်မောင်(မန်းကိုယ်ပွား)


