နေပြည်တော် ၃၀ ဩဂုတ်
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဦးသောင်းထွန်းနှင့် အဖွဲ့ဝင်(၉)ဦး တက်ရောက်ကြသည်။
အစည်းအဝေးတွင်လယ်ယာကဏ္ဍမှ လုပ်ငန်း(၁)ခု၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ကဏ္ဍမှ လုပ်ငန်း(၂)ခုနှင့် အိမ်ရာအဆောက်အဦ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍမှ လုပ်ငန်း(၃)ခု စုစုပေါင်းလုပ်ငန်း (၆)ခု ခွင့်ပြုခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုတိုးမြင့်ခြင်းအပါအဝင် အဆိုပါလုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၂၁၄ဒသမ၂၂၃) သန်းနှင့် ငွေကျပ်(၂၅၇၃၃) သန်း ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၃၇၄)နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇူလိုင်လကုန်အထိနိုင်ငံပေါင်း (၅၀) နိုင်ငံတို့မှ စီးပွားရေးကဏ္ဍ(၁၂)ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း (၁,၇၇၉) ခုရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း (၈၁၂၄၉ ဒသမ ၁၉၃) ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။
နိုင်ငံပေါင်း ၅၀ နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂)ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထား ရှိမှုမှာ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇ ဒသမ ၅၉ ရာခိုင်နှုန်း)ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ဝ၇ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၁၃ ဒသမ ၉၄ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။
သတင်းစဉ်


