၂၃ သြဂုတ်
အမေရိကန်နိုင်ငံ၏ မြေပြင်အခြေပြု ခရုဇ်ဒုံးကျည်များ စမ်းသပ်မှုက ရုရှားနိုင်ငံကို ခြိမ်ခြောက်စေပြီး ရုရှားနိုင်ငံက သင့်တော်သလို တုံ့ပြန်မည်ဟု သမ္မတ ဗလာဒီမာပူတင်က ပြောသည်။
သမ္မတ ပူတင်က အဆိုပါမှတ်ချက်စကားကို သြဂုတ်လ ၂၁ ရက်တွင် ဖင်လန်နိုင်ငံ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်၌ ခရုဇ်ဒုံးကျည် စမ်းသပ်ပစ် လွှတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့သော ဒုံးကျည်ကို သြဂုတ်လ ၂ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သည့် တာလတ်နျူကလီးယားတပ်ဖွဲ့စာချုပ်အရ ပိတ်ပင်တားမြစ်ထားခြင်းဖြစ်သည်။
အဆိုပါစာချုပ်မှ နှုတ်ထွက်ပြီးနောက် အမေရိကန်နိုင်ငံက ခရုဇ်ဒုံးကျည်ကို မြန်မြန်ဆန်ဆန် စမ်းသပ်ပစ်လွှတ်ခြင်းဖြစ်ကြောင်း ပူတင်က စွပ်စွဲခဲ့သည်။
အမေရိကန် ဒုံးကျည်ကာကွယ်ရေးစနစ်ကို ရိုမေးနီးယားနိုင်ငံ၌ ဖြန့်ကြက်ပြီးဖြစ်သလို အနာဂတ်ကာလတွင် ပိုလန်နိုင်ငံ၌ ဖြန့်ကြက်မည်ဖြစ်သည်။
အမေရိကန်နိုင်ငံက ထိုသို့သော ပစ်စင်တစ်ခုအသုံးပြု၍ အသစ်တီထွင်ထားသော ဒုံးကျည်များ ပစ်ခတ်နိုင်ကြောင်း ပူတင်က ဆိုသည်။
ရုရှားနိုင်ငံက မြေပြင်အခြေပြု ခရုဇ်ဒုံးကျည် ပုံစံထုတ်လုပ်ရန် လုပ်ဆောင်သွားမည်ဖြစ်သော်လည်း အမေရိကန်ကဲ့သို့ မည်သည့်နေရာတွင်မဆို ဖြန့်ကြက်မည်မဟုတ်ဟု ၎င်းက ပြောသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်