ဇွန် ၁၅

အမေရိကန်ပြည်ထောင်စု မစ်ဆူရီပြည်နယ်တွင် ယမန်နေ့က လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်ပေါ်ပါ ၁၂ ဦးစလုံး သေဆုံးခဲ့ကြောင်း မစ်ဆူရီပြည်နယ် အဝေးပြေးလမ်းမကြီး ရဲတပ်ဖွဲ့က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

အဆိုပါလေယာဉ်ပျက်ကျမှုသည် ကန်ဆက်စ်စီးတီးမြို့၏ တောင်ဘက် ၆၅ မိုင် (၁၀၆ ကီလိုမီတာ) အကွာရှိ Butler Memorial လေဆိပ်အနီးတွင်  ဇွန် ၁၄ ရက် မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အရေးပေါ်တုံ့ပြန်ရေးသမားများက လေယာဉ်တစ်စင်း ပျက်ကျပြီး မီးလောင်နေကြောင်း ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့သည်ဟု မစ်ဆူရီ အဝေးပြေးလမ်းမကြီး ရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီးက ပြောကြားခဲ့သည်။ ထိုလေယာဉ်သည် လေထီးခုန်မည့်သူများကို တင်ဆောင်သွားသည့်လေယာဉ် ဖြစ်သည်ဟု သိရသည်။

အခြားအသေးစိတ်အချက်အလက်များကို ချက်ချင်းမရရှိနိုင်သေးကြောင်းနှင့် လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့က ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို