မန္တလေး ၂၃ ဇူလိုင်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး စီးပွားရေးဌာနမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများ တွေ့ဆုံပွဲကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁၀နာရီခွဲက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၄×၇၈ လမ်းထောင့်၊ ရတနာပုံစူပါစင်တာ၊ စတုတ္ထထပ်ရှိ အဆိုပါအသင်း ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ အသင်းဧည့်ခန်းမတွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ဒုတိယသံအမတ် Mr. George Neil Sibley နှင့် အဖွဲ့ကို အမှတ်တရ လက်ဆောင်များ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးသည်။
ထို့နောက် ခန်းမတွင် တွေ့ဆုံပွဲကို ဆက်လက်ကျင်းပရာ ဦးကျော်မင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး Mr. George Neil Sibley က အမှာစကား ပြောကြား၍ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဆောင်ရွက်ချက်များကို Video Slide Show ဖြင့် ပြသရှင်းလင်းသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ညီနောင်စီးပွားရေးဆိုင်ရာအသင်းများမှ တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးအတွင်းရှိစိုက်ပျိုးရေးထုတ်ကုန်များ အမေရိကန်နိုင်ငံသို့ တင်ပို့နိုင်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်ရေး၊ နည်းပညာအကူအညီများ ပေးအပ်နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းခဲ့ရာ Mr. George Neil Sibley က ပြန်လည်ရှင်းလင်းဖြေကြားသည်။
၎င်းနောက် Mr. George Neil sibley နှင့် အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတွင် ဖွင့်လှစ်ထားသည့် အမေရိကန်စီးပွားရေးကော်နာ(ABC)အား လှည့်လည်ကြည့်ရှုသည်။
ယင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်၊ အတွင်းရေးမှူး ဦးဥက္ကာကျော်တို့နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အမေရိကန်စီးပွားရေးကော်နာ (ABC)ကို အမေရိကန်ပြည်ထောင်စုနှင့် မြန်မာနိုင်ငံ၏ ဒုတိယမြို့တော် မန္တလေးတို့အကြား ဆက်ဆံရေးကို မီးမောင်းထိုး ဖော်ပြရန်နှင့် ပိုမိုအားကောင်းစေရန်၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များအတွက် အမေရိကန်စီးပွားရေး လုပ်ငန်းရှင်များနှင့် ဆက်ဆံရေးပိုမိုချောမွေ့ အဆင်ပြေစေရန်တို့အတွက် ဆောင်ရွက်ပေးရန် ရည်ရွယ်ကာ (၁၂.၃.၂၀၁၉)ရက်နေ့က မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
တင်မောင်မန်းကိုယ်ပွား


