မကွေး ၉ မေ
အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းပြုစုခြင်းနှင့်အတူ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့် တင်ရေးဆိုင်ရာ သင်တန်းဆင်းပွဲကို မေ ၈ ရက်၊ မွန်းလွဲပိုင်းက မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှထွန်း က သင်တန်းဆင်း အမှာစကား ပြောကြားပြီး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ သင်တန်းနည်းပြဆရာ တစ်ဦးက သင်တန်းကောက်နုတ်ချက်ဆိုင်ရာများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အား ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို တိုင်းဒေသကြီးဝန်ကြီး ဦးလှထွန်း၊ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစောလွင်နှင့် တာဝန်ရှိသူများက ပေးအပ်သည်။
အဆိုပါ သင်တန်းကို တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ သင်တန်းသား ၂၅ ဦး တက်ရောက်ပြီး၊ နှစ်ရက်ကြာ ဆွေးနွေးပို့ချပေးခဲ့ကြောင်း သိရသည်။
ဝေဖြိုးလေး(မကွေး)