နေပြည်တော် ၂၆ ဇူလိုင်
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီတို့၏ ပူးပေါင်းမှုဖြင့် အိုလံပစ်သွေးစည်းညီညွတ်ရေး အစီအစဉ်အရ ဖွင့်လှစ်သည့် အမျိုးသားအဆင့် အားကစားစီမံခန့်ခွဲသူများသင်တန်း (၁/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အိုလံပစ်ကော်မတီအဖွဲ့ဝင်များ၊ သင်ခန်းစာ ပို့ချပေးခဲ့သည့် ဆရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ၊ အားကစားအဆင့်အတန်း တိုးတက်မြှင့်မားရေးအတွက် ခေတ်မီသိပ္ပံနည်းကျတဲ့နည်းစနစ်တွေ၊ နည်းဗျူဟာတွေ၊ အားကစားလေ့ကျင့်ရေး သဘောတရားတွေ၊ အားကစား ဆေးပညာနဲ့ သုတေသနလုပ်ငန်းတွေ၊ အားကစားစီမံခန့်ခွဲမှု၊ အားကစားဆိုင်ရာ ဘက်ပေါင်းစုံပညာရပ်တွေနဲ့ စူးစမ်းကြံဆပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုသင်တန်းမှ ရရှိခဲ့ကြတဲ့အသိပညာ၊ အတတ်ပညာတွေကို မိမိတို့ရှိပြီးသား အတွေ့အကြုံကောင်းများနဲ့ ဆက်စပ်ပေါင်းစပ်ပြီး အကျိုးရှိစွာ ပြန်လည်ကျင့်သုံး လိုက်နာဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အမျိုးသားအဆင့် အားကစား စီမံခန့်ခွဲ သူများ သင်တန်း (၁/၂၀၁၉) အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ သင်တန်းဆရာများနှင့် သင်တန်း တာဝန်ခံများ၊ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ အဖွဲ့လိုက် Presentation ပြုလုပ်ရာတွင် Solving Problem ခေါင်းစဉ်ဖြင့် ဆုရရှိသည့် သင်တန်းသား အဖွဲ့အားလည်းကောင်း၊ အမျိုးသားအဆင့် အားကစားစီမံခန့်ခွဲသူများ သင်တန်း (၁/၂၀၁၉) သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ရာ သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ လက်ခံရယူပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အဆိုပါသင်တန်းကို ဇူလိုင် ၂၂ ရက်မှ ၂၆ ရက်အထိ သင်တန်းသား(၁၈)ဦး သင်တန်းသူ(၂၂)ဦး စုစုပေါင်း ၄၀ တက်ရောက်သင်ကြားခဲ့ကြောင်း လူထုအားကစား နှင့် ပညာပေးဌာနခွဲမှ သတင်းရရှိသည်။
MDN


