နေပြည်တော် နိုဝင်ဘာ ၁
အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာ ကျေးရွာအုပ်စု၌ ကျင်းပ ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကြည့်ရှုအားပေးကြသည်။
အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို နိုဝင်ဘာ ၁ ရက်မှစ၍ တိုင်းဒေသကြီး ပြည်နယ် (၁၃)ခုရှိ မြို့နယ် (၂၁၄) မြို့နယ်မှ ကျေးရွာအုပ်စု ရပ်ကွက်များ၌ စတင်ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်(၈)မြို့နယ်ရှိ ရပ်ကွက်ကျေးရွာ(၂၇၇)ခု၌ အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဥတ္တရသီရိမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် ပျဉ်းမနားမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် တပ်ကုန်းမြို့ နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကိုလည်းကောင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
အဆိုပါ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများနှင့်တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျေးရွာများ စနစ်တကျဖွံ့ဖြိုးတိုးတက်လာရန် လမ်းတံတား အခြေခံအဆောက်အအုံ များအပြင် စိုက်ပျိုးမွေးမြူရေးအခြေခံသော ကုန်ထုတ်လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း စေရေးနှင့် တစ်မိသားစုချင်း၏ ဝင်ငွေတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေး လျက်ရှိကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ၏ ဖွံ့ဖြိုးအောင်မြင်ဖြစ်ထွန်းမှုကို စံပြအဖြစ် ဆောင်ရွက် ပြသနိုင်ရေးအပြင် ကျေးရွာအလိုက် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် မိမိတို့ကျေးရွာသူ ကျေးရွာသားများ၊ စိုက်ပျိုးမွေးမြူရေး တောင်သူများက ဝိုင်းဝန်းကြိုးပမ်းပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစားရေရိက္ခာဖူလုံရေး ၊ ပို့ကုန်မြှင့်တင်ရေးနှင့် မွေးမြူရေး တိရစ္ဆာန်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် စနစ်တကျ စီမံခန့်ခွဲနိုင်ရန် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း ကိုဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် ပြည်သူများ အနေဖြင့် မှန်ကန်သောတိရစ္ဆာန်ကောင်ရေ စာရင်းပေးကြရန်လိုအပ်ကြောင်း၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တိုင်းဒေသကြီး ပြည်နယ်(၁၁)ခု၌ အသားတိုးဝက်နှင့် အသားတိုး ကြက်မွေးမြူရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ငွေကျပ် ၂၀ ဘီလီယံ ထောက်ပံ့ထားရှိကြောင်း၊ တောင်သူများ၏ အကျိုး စီးပွားဖြစ်ထွန်းစေရေးနှင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် မိမိတို့ အားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၁၉၇၉-၁၉၈၀ ခုနှစ်မှ ၁၉၉၃-၁၉၉၄ ခုနှစ်ထိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက နှစ်စဉ် ဆောင် ရွက်ခဲ့သော်လည်း ၁၉၉၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တိရစ္ဆာန် ကောင်ရေစာရင်းအား မြေပြင်တွင် ကောက်ယူနိုင်ခဲ့ခြင်းမရှိဘဲ စာရင်းကိန်းဂဏန်း တွက်ချက်နည်းဖြင့်သာ စာရင်းပြုစုမှတ်တမ်းတင်နိုင်ခဲ့သည်။ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တိရစ္ဆာန် ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အရေးပါသော အခြေခံစာရင်း ဇယားကိန်းဂဏန်းများ တိကျမှန်ကန်စေရန် ၂၀၁၈ ခုနှစ်တွင် တိရစ္ဆာန် ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက် ခဲ့ပြီး၊ တိရစ္ဆာန်ကောင်ရေ စာရင်းပြောင်းလဲမှုကို သိရှိနိုင်ရန် ကြားဖြတ် တိရစ္ဆာန်ကောင်ရေ စာရင်းကို နှစ်စဉ်ကောက်ယူခဲ့ကာ အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကို (၅)နှစ် တစ်ကြိမ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူသွားမည်ဖြစ်၍ ယခု ၂၀၂၃ ခုနှစ်တွင် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဒုတိယအကြိမ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်