နေပြည်တော် ၈ မေ
အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၏ (၆)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲတော်ကို ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီး၊ ကုမုဒြာကြာပန်းအဝိုင်းအနီးရှိ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)တွင် မေ ၁၀ ရက်မှ ၁၂ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။
မေ ၁၀ ရက်တွင် ဆရာမ မစန္ဒာ၊ ဆရာ နေဝင်းမြင့်နှင့် ဆရာမ ခင်ခင်ထူးတို့၏ မြန်မာစာပေဆိုင်ရာ ဟောပြောပွဲပြုလုပ်မည်ဖြစ်ပြီး ပွဲတော်ရက်များတွင် ရှားပါးစာအုပ်များပြပွဲ၊ မှတ်တမ်းဓာတ်ပုံများပြပွဲ၊ လက်မှုပညာအစီအစဉ်၊ ဉာဏ်စမ်းပဟေဠိနှင့် ကလေးစာကြည့်တိုက် လှုပ်ရှားမှုအစီအစဉ်များကို နံနက်(၁၀)နာရီမှ မွန်းလွဲ (၃)နာရီအထိ ပြုလုပ်သွားမည်ဖြစ်သည်။
အထူးအစီအစဉ်အနေဖြင့် မြန်မာ့ရိုးရာ ရုပ်သေးအစီအစဉ်ကို နံနက်(၁၁)နာရီတွင် တစ်ကြိမ်၊ မွန်းလွဲ (၂)နာရီတွင် တစ်ကြိမ် တင်ဆက်ဖျော်ဖြေသွားမည်ဖြစ်သည်။ ထို့ပြင် စာအုပ် အရောင်းဆိုင်များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များနှင့် အစားအသောက် အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ရောင်းချပေးသွားမည် ဖြစ်ပါသဖြင့် မည်သူမဆို အခမဲ့လာရောက်လေ့လာ နိုင်ပါကြောင်းနှင့် ပွဲတော်ရက်များတွင် အများပြည်သူလာရောက် နိုင်ရန်အတွက် မော်တော်ယာဉ် အကြို/အပို့ အစီအစဉ်များကို နံနက်ပိုင်းတွင် ပျဉ်းမနား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှေ့၌ နံနက်(၉)နာရီတွင်လည်းကောင်း၊ သပြေကုန်း မစိုးရိမ်စာသင် တိုက်ရှေ့၌ နံနက် (၉)နာရီခွဲတွင်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ပျဉ်းမနားပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့၌ မွန်းလွဲ(၁)နာရီတွင်လည်းကောင်း၊ သပြေကုန်း မစိုးရိမ်စာသင်တိုက်ရှေ့၌ မွန်းလွဲ (၁)နာရီခွဲတွင်လည်းကောင်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)