နေပြည်တော် ၁၀ မေ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့်တိုက် ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်) (၆)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် စာပေဟောပြောပွဲ၊ ရှားပါးစာအုပ်ပြပွဲ၊ မှတ်တမ်းဓာတ်ပုံများပြပွဲနှင့် အမှတ်တရဈေးရောင်း ပွဲတော်ကို အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။
အခမ်းအနားသို့ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးအောင်မြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ စာပေဟောပြောမည့် ဆရာကြီး/ ဆရာမကြီးများ၊ ကိုယ်ပိုင် အထက်တန်းကျောင်းများ၊ International School မှ ကျောင်းသား၊ ကျောင်းသူများ၊ ဘုန်းတော်ကြီးသင်ပညာသင်ကျောင်းမှ ရှင်သာမဏေများ၊ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
စာပေဟောပြောပွဲ အခမ်းအနားတွင်သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး နံနက်ပိုင်းတွင် ဆရာမ မစန္ဒာကလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဆရာမ ခင်ခင်ထူးနှင့် ဆရာ နေဝင်းမြင့်တို့က လည်းကောင်းဟောပြောကြကာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က စာပေပညာရှင်များအား အမှတ်တရ လက်ဆောင်ပေးအပ်သည်။
အမျိုးသားစာကြည့်တိုက်(နေပြည်တော်) (၆)နှစ်ပြည့် နှစ်ပတ်လည်ပွဲတော်ကို မေ ၁၀ ရက်မှ မေ ၁၂ ရက်ထိ ကျင်းပမည်ဖြစ်ပြီး ပွဲတော်တွင် ရှားပါးစာအုပ်ပြပွဲ၊ မှတ်တမ်း ဓာတ်ပုံပြပွဲ၊ လက်မှုပညာ အစီအစဉ်၊ ကလေးစာကြည့်တိုက်လှုပ်ရှားမှု အစီအစဉ်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ အစားအသောက်အရောင်းဆိုင်များ ပါဝင်သည်။ အထူးအစီအစဉ်တစ်ရပ် အနေဖြင့် မြန်မာ့ရိုးရာရုပ်သေးပွဲတော်ကို နေ့စဉ် နံနက် ၁၁ နာရီမှ ၁၂ နာရီထိလည်းကောင်း၊ မွန်းလွဲ ၂ နာရီမှ ၃ နာရီထိလည်းကောင်း ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သဖြင့် မည်သူမဆိုလာရောက် လေ့လာနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)