နေပြည်တော် ဒီဇင်ဘာ ၁၂
၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုများ ချီးမြှင့်ပွဲ အခမ်းအနား သို့ တက်ရောက်ရန် နေပြည်တော်၌ ရောက်ရှိနေကြသည့် ဆုရ စာပေပညာရှင်ကြီး များသည် ယနေ့တွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ကျန်းမာရေးစစ်ဆေးမှုများ ခံယူကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
ရှေးဉီးစွာ ဆုရစာပေပညာရှင်ကြီးများသည် နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) အထူးကု ပြင်ပလူနာဌာန(၂)တွင် မိမိတို့ စစ်ဆေးကုသမှုခံယူလိုသည့် ကျန်းမာရေးအခြေအနေများအား အထူးကု ဆရာဝန်ကြီးများဖြင့် ဆွေးနွေးတိုင်ပင်ကြပြီး အထူးကုဆရာဝန်ကြီးများက ဆီးချိုရောဂါ၊ သွေးတိုး ရောဂါနှင့် နှလုံးရောဂါတို့ကို အဓိကစစ်ဆေးခြင်းများ ဆောင်ရွက်ပေးကြကာ အခြားလိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်ပေးကြသည်။
ထို့နောက် အထူးကုဆရာဝန်ကြီးများက စာပေပညာရှင်ကြီးများ ကျန်းမာရေးအတွက် သိသင့်သိထိုက် သည့် သက်ဆိုင်ရာရောဂါများအလိုက် ဆောင်ရန်၊ ရှောင်ရန် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ မျှဝေပေးပြီးကျန်းမာရေးစောင့်ရှောက်မှုများ စနစ်တကျဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ဆုရစာပေပညာရှင်ကြီးများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိ မြို့နယ် ဗုဒ္ဓဥယျာဉ်တော်ရှိ ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို ကြသည်။
ရှေးဉီးစွာ ဆုရစာပေပညာရှင်ကြီးများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မော်ကွန်းတိုက်၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် မဟာမင်္ဂလာအခမ်းအနားများတွင် အသုံးပြုခဲ့သည့်ပစ္စည်းများ၊ ဘုရာရှင် ဓာတ်တော်၊ ရဟန္တာဓာတ်တော်များ ထည့်သွင်းပူဇော်ခဲ့ သည့် ရွှေဖလားများ၊ အစိတ်အပိုင်း(၄) ပိုင်းခွဲ၍ တည်ဆောက်ထားသော မာရဝိဇယဆင်းတုတော်ကြီး ပုံစံငယ်များ၊ မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်ရာပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်မှု မှတ်တမ်းတင်ဓာတ်ပုံများနှင့် အခြား လေ့လာသင့်သည်များကို လှည့်လည်ကြည့်ရှုကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး အောင်မြင်စွာ တည်ထား ပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုကြသည်။
ထို့နောက် ဆုရစာပေပညာရှင်များသည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း၌ လေ့လာကြည့်ရှုကြသည်။
ယင်းနောက် ဆုရစာပေပညာရှင်များသည် အလှူခံဌာန၌ ဘုရားကြီးဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြပြီးဗုဒ္ဓဥယျာဉ်တော်အတွင်း အံ့မခန်းဗိသုကာ လက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးနှင့် ကျောက်စာရုံ စေတီတော်များကို ဆက်လက်ဖူးမြော်လေ့လာကြည်ညိုခဲ့ကြကြောင်း သိရှိရသည်။
(သတင်းစဉ်)