နေပြည်တော် ၁၇ စက်တင်ဘာ

 

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို စက်တင်ဘာ ၁၆ ရက် ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

 

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ဒီမိုကရေစီမျှော်လင့်ချက် ပြည်သူ့အတွက် NDF

အမျိုးသားဒီမိုကရေစီအင်အားစု

အမျိုးသားဒီမိုကရေစီအင်အားစု

အမျိုးသားဒီမိုကရေစီအင်အားစု

ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ ခရီးရှည်ချီတက်မည်

ရွှေခမောက်ဆောင်းသော တိုင်းရင်းအောင်နိမိတ် ပေါ်ထွန်းမည်

ပညာလူမှုစီးပွား မြှင့်တင်စေပါမည်

သာယာမည် မြန်မာပြည် ရာဇဝင်တွင်မည်

ပြည်ထောင်စုဘွား တိုင်းရင်းသားတို့ပြည်။

ဒီမိုကရေစီအောင်လံလွှင့်ထူ မမှိတ်သုန်ဆောင်ရွက်မည်

ပြည်သူနဲ့ တစ်သွေးတစ်သားတည်း သစ္စာတရားတည်

မြန်မာပြည်အပြောင်းအလဲအတွက် ခမောက်ကိုယုံကြည်သည်

ရာဇဝင်မှာ စာတင်မည်

ဒီမိုကရေစီနိုင်ငံတော်သစ် မုချဖြစ်ရမည်

သမိုင်းသစ်ကို ပြောင်းလဲမည် ခမောက်တို့ပြန်လာပြီ

လွတ်လပ်မည် မျှတမည် အခွင့်အရေးသာတူညီ

ပြည်သူကို ကတိပေးထားသည်

ဒီမိုကရေစီကို ကူးပြောင်းရမည်

ခေတ်သစ်ဆီ တရားနဲ့အညီ ခမောက်ရှိနေပါသည်။

ရဲရင့်သည် ရှေ့သို့ချီ လူထုအတွက် ရင်ဆိုင်မည်

ဒီမိုကရေစီမျှော်လင့်ချက် ပြည်သူ့အတွက် NDF

လေးစားအပ်တဲ့မဲဆန္ဒရှင် ပြည်သူများခင်ဗျား

ကျွန်တော်ကတော့ ဦးခင်မောင်ဆွေပါ။ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။

 

ကျွန်တော်တို့ ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၁ဝဝ ကျော်လောက် ယှဉ်ပြိုင်သွားပါမယ်။ နိုင်ငံရေးဆယ်နှစ်တာခရီးရဲ့ ပထမ ငါးနှစ်တာကာလမှာ လွှတ်တော်ထဲကနေ ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျန်ငါးနှစ်မှာတော့ နိုင်ငံနဲ့ပြည်သူတွေရဲ့ လိုအပ် ချက်တွေကို လွှတ်တော်ပြင်ပနိုင်ငံရေးနဲ့ မျက်ခြည်မပြတ်စောင့်ကြည့် ဆောင်ရွက်ခဲ့ပါတယ်။ စားဝတ်နေရေးမပြည့်စုံမှုဆိုတဲ့ လူမှုဒုက္ခတွေရှိနေသမျှ လူမှုလွတ်လပ်ခွင့်တွေမရနိုင်ဘူးလို့ ကျွန်တော်တို့ပါတီက ယုံကြည်တယ်။ ဒါကြောင့် အဲ့ဒီလူမှုဒုက္ခတွေကို မပယ်ရှားသမျှ ဒီမိုကရေစီလူ့ဘောင်ကို မရောက်နိုင်ဘူးဆိုတဲ့ လူမှုအခြေပြုလွတ်လပ်ခွင့်ဝါဒကို ကိုင်စွဲထားပါတယ်။ စီးပွားရေးဘက်မှာတော့ တန်းတူညီမျှ စီးပွားရေးဘဝတွေဖြစ်လာအောင် ဈေးကွက်အခြေခံရောပြွမ်း စီးပွားရေးစနစ်နဲ့ သွားပါမယ်။ ဒါမှသာ လက်တစ်ဆုပ်စာချမ်းသာတဲ့သူတွေသာမက ဆင်းရဲတဲ့အခြေခံလူတန်းစား အများစုကြီးကိုပါ ဘဝအာမခံချက်တွေ တစ်ပြေးညီရရှိစေဖို့ ဖြစ်ပါတယ်။

 

မဲဆန္ဒရှင်ပြည်သူများခင်ဗျား

 

အခုအချိန်မှာ မြန်မာ့နိုင်ငံရေးလိုအပ်ချက်တွေဟာ ပြောင်းခဲ့ပါပြီ။ ဒီမိုကရေစီလူ့ဘောင်ကို အရောက်သွားရေးသာမက ဖက်ဒရယ်ပြည်ထောင်စု ဖြစ်တည်ရေးဟာ အဓိကနိုင်ငံရေးလိုအပ်ချက်ကြီး ဖြစ်လာပါတယ်။

 

ဒီနေရာမှာ စီးပွားရေးနဲ့ နိုင်ငံရေး ဒွန်တွဲနေတယ်လို့ ပြောလိုပါတယ်။ ဒါကြောင့် NDF ပါတီဟာ စားဝတ်နေရေး အစရှိတဲ့ ပြည်သူတွေရဲ့ စီးပွားရေး ဘဝ တိုးတက်ရေးကို အလေးအနက်ထား ဆောင်ရွက်သွားပါ့မယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ ကျေးလက်ပြည်သူအများစုကြီးရဲ့ အသက်မွေးဝမ်း ကျောင်းဖြစ်တဲ့ စိုက်ပျိုးစီးပွားကို အဓိကထားပါမယ်။ ဒါကြောင့်မို့ ဒီနိုင်ငံမှာ ခေတ်မီနည်းပညာတွေနဲ့ စိုက်ပျိုးရေးကို တွန်းအားပေးပြီး ထိပ်တန်း ဆန်တင်ပို့ နိုင်ငံအဖြစ်ရောက်အောင် လုပ်ရပါမယ်။ ဒါကြောင့် -

၁။ စိုက်ပျိုးစီးပွားတိုးတက်ရေးကို အဓိကထား ဆောင်ရွက်သွားရပါမယ်။

၂။ မြန်မာပြည်မြောက်ပိုင်း ရေခဲဖုံးလွှမ်းရာဒေသနဲ့ မြန်မာပြည်တောင်ပိုင်း အမြဲစိမ်းသစ်တောများဖုံးလွှမ်းရာ ကျွန်းစုတွေမှာ သဘာဝခရီးသွားလုပ်ငန်း နယ်မြေတွေအဖြစ် ထူထောင်သွားရပါမယ်။

၃။ စက်မှုလယ်ယာနဲ့ ဘက်စုံသုံးစက်ယန္တရားတွေကို ပြည်တွင်းမှာပဲ ဖက်စပ် ထုတ်လုပ်ပြီး အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းတွေ မြှင့်တင်ရေးကိုလည်း ဆောင်ရွက်သွားရပါမယ်။ NDF ပါတီဟာ လွှတ်တော်ထဲရောက်ရင် စိုက်ပျိုးရေး၊ စက်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍကြီးသုံးရပ်ကို GDP အချိုးအစားအလိုက် ချိန်ညှိပြီး တော့ တိုးတက်ရေးအတွက် ဆွေးနွေးတင်ပြသွားပါ့မယ်။

 

မဲဆန္ဒရှင်ပြည်သူများခင်ဗျား

 

ကျွန်တော်တို့ NDF ပါတီဟာ ပြည်သူထံပါးက ဘယ်တော့မှစွန့်ခွာသွားမှာ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ အလုပ်သမားတွေ ဘဝအာမခံချက် မရှိတာကို လက်ပိုက်ကြည့်နေနိုင်မယ့် ပါတီမျိုးလည်း မဟုတ်ပါဘူး။ ဒါကြောင့် အလုပ်သမားတွေဘက်ကရပ်တည်ပြီး ဥပဒေတွေ ပြင်ဆင်ရေးကို ဆောင်ရွက် သွားမယ်လို့ ကတိပြုပါတယ်။

 

ဥပမာပြောရရင်-

အလုပ်သမားတွေ အလုပ်ခွင်မှ ရပ်နားခံရတဲ့အခါ လူမှုဖူလုံရေး ဥပဒေနဲ့အညီ လုပ်ခလစာခံစားခွင့် ရှိစေရမယ်။

လုပ်ငန်းခွင်ထဲမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရပါက ဥပဒေအကာအကွယ်နဲ့ နစ်နာကြေးပါ ရရှိစေရမယ်။

လုပ်သားများရဲ့ ဘဝအာမခံချက်ရှိစေဖို့ အလုပ်ရုံ၊ စက်ရုံများ ရေရှည်လည်ပတ်နိုင်ရေး အလေးထားပါမယ်။ ဒါကြောင့် နောင်ပေါ်လာမယ့် စက်မှုဇုန်တွေမှာ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးကို NDF ပါတီက ရည်ရွယ်ပြီး ပြောကြားရခြင်း ဖြစ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူများခင်ဗျား

NDF ပါတီဟာ တိုင်းရင်းသားပြည်သူအားလုံးရဲ့ အကျိုးစီးပွားကို ဦးထိပ် ထားပါတယ်။ ဒါ့ကြောင့် ပြည်သူအားလုံးရဲ့ စီးပွားရေးဘဝ တိုးတက်ရေးကို နိုင်ငံရေးတာဝန်အဖြစ် ခံယူတယ်။ ပြည်သူကို လယ်စိုက်ကျွေးပြီး နိုင်ငံ့ဘဏ္ဍာ ရှာပေးနေတဲ့ လယ်သမားတွေကို လျစ်လျူရှုမထားနိုင်ပါဘူး။ ဒါကြောင့်-

 

သိမ်းဆည်းခံလယ်မြေတွေပြန်ရရေးနဲ့ မြေလွတ်မြေရိုင်းခုတ်ထွင် စိုက်ပျိုးသူတွေအပါအဝင် ဘိုးစဉ်ဘောင်ဆက် လယ်လုပ်သူ နိုင်ငံသားမှန်သမျှ ဂရန်စနစ်နဲ့ လယ်ပိုင်စေရမယ်။

 

စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ရရှိစေဖို့နဲ့ သဘာဝဘေး၊ စစ်ဘေးကြောင့် လက်ငုတ်လက်ရင်းပျောက်သူတွေအတွက် စိုက်ပျိုးစရိတ် ချေးငွေပြန်ဆပ်ခြင်းကို ကင်းလွတ်ခွင့်ပြုစေရမယ်။

 

အကြွေးနွံနစ်ပြီး နာလန်မထူနိုင်ဖြစ်နေတဲ့ လယ်သမားတွေကို စိုက်ပျိုးစရိတ်ချေးငွေပြန်ဆပ်ဖို့ (၂)နှစ်တိတိ ဆိုင်းငံ့ပေးစေရမယ်။ ဒါ့ကြောင့် နိုင်ငံတကာကပေးတဲ့ စိုက်ပျိုးရေးချေးငွေကို လယ်ယာ ကဏ္ဍကို တိုက်ရိုက်ရောက်ရှိရေး တောင်းဆိုပေးမယ်။

 

ဆန်စပါးတင်ပို့ရာမှာ ကြားခံအဆင့်တွေလျှော့ချပြီး ကုန်ထုတ်လုပ်မှုနဲ့ ဈေးကွက်တိုက်ရိုက် ချိတ်ဆက်ရေးအပြင် ဈေးကွက်အသစ် ရှာဖွေရေးတွေကိုပါ လွှတ်တော်ထဲမှာဆွေးနွေး သွားဖို့ ကတိပြုပါတယ်။

 

မိဘပြည်သူများခင်ဗျား

 

ကျွန်တော်တို့ NDF ပါတီက တော့ ပြည်သူထံပါးက ဘယ်တော့မှ စွန့်ခွာသွားမှာ မဟုတ်ဘူးဆိုတဲ့အတိုင်း ပြည်သူ့အပေါ် နိုင်ငံရေးသစ္စာတည်မှာ ဖြစ်ပါတယ်။ ဒါကြောင့် NDF ပါတီ အနေနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားရေး ဘဝတွေ တိုးတက်စေဖို့ စားဝတ် နေရေး ပြေလည်ရေးကို နံပါတ်(၁)ထားပါမယ်။ လူမျိုးတွေရဲ့ ဘာသာစကား၊ စာပေနဲ့ ယဉ်ကျေးမှု၊ ကိုးကွယ်ရာဘာသာတွေကို အလေးထားစောင့်ရှောက် နိုင်ရပါမယ်။ ဒါကြောင့် တိုင်းချစ် ပြည်ချစ်၊ နိုင်ငံချစ်စိတ်တို့ရဲ့ အခြေတည်ရာ ပြည်ထောင်စု မြန်မာနိုင်ငံသား အမျိုးသားရေးစိတ်ဓာတ် ဖွံ့ထွားရှင်သန်နိုင်ရေးကို နံပါတ်(၂)ထားပါမယ်။ နံပါတ်(၃)အနေနဲ့ကတော့ အချုပ်အခြာအာဏာ တည်တံ့ရေးကို တတိယထား ရပ်တည်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပါတီရဲ့ရပ်တည်ချက်ဟာ အမျိုးသားအကျိုးစီးပွားကို ထိပါးမခံရရေး ဖြစ်လို့ပါပဲ။ ဒီလို ပြည်သူ့အပေါ် နိုင်ငံရေးသစ္စာတည်တဲ့ NDF ဟာ လွှတ်တော်တွေထဲရောက်ရင်လည်း ပြည်သူ့မျက်နှာ တစ်ချက်အညှိုးခံမယ့်ပါတီမျိုးလား။ ဘယ်တော့မှအညှိုးခံမှာ မဟုတ်ပါဘူးဆိုတာကို ရဲရဲကြီး ကတိပေးရင်း နိဂုံးချုပ်ပါတယ်။

 

ခမောက်ကိုဆောင်း ပြောင်းကိုပြောင်းရမည်။

 

NDF ကို မဲပေးကြစို့

ပြည်သူများရှေ့ လှမ်းခဲ့ပြီ NDF ပါတီ

အများအတွက်ရည်စူး ရှေ့သို့ချီ ညီစေခမောက်ပါတီ

ပြည်သူများအတွက် အစဉ်ရပ်တည် NDF ဖြစ်သည်

ညီနောင်သားချင်းများနဲ့အတူ လက်တွဲလို့ညီညီ

အမျိုးသားရေးကို ထမ်းရွက်မည် ဒီမိုကရေစီနဲ့အညီ

ပြည်ထောင်စုအတွက် အမှန်ဖြစ်သည် ညီညာကြိုးစားမည်

NDF အမျိုးသားဒီမိုကရေစီအင်အားစု

ပြည်သူ့အတွက် အရှေ့ကကာကွယ် အစဉ်ရပ်မယ်

သတိပေး အကျိုးများဆောင်ပါ ပြည်သူ့အရေး

ညီညွတ်မည် တိုင်းရင်းသားစုံညီ အောင်ရမည်

NDF NDF NDF NDF

NDF ကို မဲပေးကြစို့

ပြည်သူများရှေ့ လှမ်းခဲ့ပြီ NDF ပါတီ

အများအတွက်ရည်စူး ရှေ့သို့ချီ ညီစေခမောက်ပါတီ

ပြည်သူများအတွက် အစဉ်ရပ်တည် NDF ဖြစ်သည်

ပြည်သူများရဲ့ရှေ့မှအတည် လက်တွဲလို့ညီညီ

ကောင်းကျိုးသယ်ပိုး ထမ်းရွက်မည် NDF ပါတီ

ပြည်သူများနဲ့ လက်တွဲမည် ညီစေ ရှေ့သို့ချီ

NDF အမျိုးသားဒီမိုကရေစီအင်အားစု

ပြည်သူ့အတွက် အရှေ့ကကာကွယ် အစဉ်ရပ်မယ်

ပြည်သူအကြား မွေးဖွားလာသည် ခမောက်ပါတီ

အစဉ်ရပ်တည် ပြည်သူဘက်မှာအမြဲရှိသည်

NDF NDF NDF NDF

NDF ကို မဲပေးကြစို့

 

mdn