နေပြည်တော် ၂၆ ဇွန်
မြန်မာနိုင်ငံ၏ အမျိုးသားမြို့ပြမူဝါဒရေးဆွဲ ဆောင်ရွက်ရန်အတွက် အမျိုးသား မြို့ပြမူဝါဒ ရေးဆွဲရေးကော်မတီ (National Urban Committee – NUC) ဖွဲ့စည်းနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။
အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ယနေ့ကျင်းပသည့် အစည်းအဝေးသည် မြန်မာနိုင်ငံ၏အမျိုးသား မြို့ပြမူဝါဒ ရေးဆွဲဆောင်ရွက်ရာတွင် ထိရောက်စွာ အကျိုးရှိစေရန်အတွက် အကြံပြုခြင်းနှင့် မဟာဗျူဟာကျသော လမ်းညွှန်မှုများကို ပေးအပ်ရန်အတွက် အမျိုးသား မြို့ပြမူဝါဒကော်မတီ အားဖွဲ့စည်းနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် New Urban Agenda လုပ်ငန်းစဉ် (၂၀၁၆ - ၂၀၃၆) ချမှတ်၍ National Urban Policy ရေးဆွဲခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသကဲ့သို့ မြန်မာနိုင်ငံတွင် အမျိုးသားမြို့ပြမူဝါဒ ချမှတ်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် UN-Habitat တို့ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အဖြစ် National Urban Policy Program (NUPP) အစီအစဉ် (၂၀၁၇-၂၀၁၉)ကို ကိုရီးယားနိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ National Urban Policy (NUP) ချမှတ်နိုင်ရန်အတွက် အမျိုးသားမြို့ပြမူဝါဒမူဘောင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် အမျိုးသားမြို့ပြညီလာခံအကြို အလုပ်ရုံဆွေးနွေးပွဲများကို နေပြည်တော်တွင် ၂၀၁၈ ခုနှစ်က ကျင်းပခဲ့ပြီး National Urban Committee ဖွဲ့စည်းရေးအတွက်လည်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက အကြိုဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာဌာနများ၏ သဘောထားများနှင့် ကိုယ်စားလှယ်အမည်စာရင်းများ တောင်းခံခဲ့ပါကြောင်း၊ အဖွဲ့ဝင် (၂၄) ဦးပါဝင်သည့် ကော်မတီဖွဲ့စည်းခွင့်ကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ တင်ပြဆောင်ရွက်ထားပါကြောင်း။
NUPP လုပ်ငန်းစဉ်အရ National Urban Forum (NUF)ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြီး မြန်မာမြို့ပြမူဝါဒ(၂၀၄၀)ကို ဆွေးနွေးအတည်ပြု ဆောင်ရွက်သွားမှာဖြစ်သောကြောင့် အမျိုးသားမြို့ပြမူဝါဒကော်မတီအား ဖွဲ့စည်းထားမည်ဖြစ်ပြီး ဆောင်ရွက်သည့်အခါတွင် Myanmar Sustainable Development Plan (MSDP -2030) နှင့် လိုက်လျောညီထွေရှိသည့် အမျိုးသားမြို့ပြ မူဝါဒချမှတ်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က အမျိုးသားမြို့ပြမူဝါဒ ရေးဆွဲဆောင်ရွက်ခြင်းနှင့် အမျိုးသားမြို့ပြမူဝါဒ ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ လည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမြင့်က မြို့ပြမူဝါဒရေးဆွဲရေး ဦးစားပေးလုပ်ငန်း နယ်ပယ်များအား လည်းကောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များမှ အမျိုးသား မြို့ပြမူဝါဒကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် အကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


