နေပြည်တော် ၁၇ စက်တင်ဘာ
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးဇော်မင်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၆ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား ညီအစ်ကိုမောင်နှမများ၊ မဲဆန္ဒရှင် မိဘပြည်သူများ အပေါင်းတို့ခင်ဗျား-
ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေပြီး ကိုဗစ်-၁၉ ရောဂါ ကင်းဝေးပါစေလို့ ဦးစွာဆုတောင်းမေတ္တာပို့အပ်ပါတယ်။
ကျွန်တော်ကတော့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေး ပါတီ၏ ဥက္ကဋ္ဌ ဦးဇော်မင်းဖြစ်ပါတယ်။
၁။ ရည်ရွယ်ချက်
ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာသော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးဖြစ်ပါသည်။
ဤရည်ရွယ်ချက်ကို အောင်မြင်စွာအကောင်အထည်ဖော်ရန်အတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ပြီး နိုင်ငံသူနိုင်ငံသားများ စည်းလုံးညီညွတ်စွာ ပူးပေါင်းလက်တွဲ၍ အကောင်အထည် ဖော်ဆောင်မည်။
၂။ ယုံကြည်ချက်
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီသည် နိုင်ငံတော်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသော အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ် ယုံကြည်လက်ခံထားပါသည်။
မဲဆန္ဒရှင်များ ခင်ဗျား-
၃။ မူဝါဒ
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၏ မူဝါဒများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) အမျိုးသားရေးမူဝါဒ ။ ။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ်ဦးထိပ်ထားပြီး ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာသော နိုင်ငံတော်သစ်တစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားပါမည်။
(ခ) နိုင်ငံရေးမူဝါဒ ။ ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မွေးဖွားပြီး ဘိုးစဉ်ဘောင်ဆက် မှီတင်းနေထိုင်ကြသော နိုင်ငံသူ/နိုင်ငံသားများအားလုံး၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးပါမည်။
(ဂ) စီးပွားရေးမူဝါဒ ။ ။ လွတ်လပ်ပြီး တရားမျှတသော ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးမည်။
(ဃ) နိုင်ငံခြားရေးမူဝါဒ ။ ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို ဦးထိပ်ထားပြီး လွတ်လပ်၍ တက်ကြွသော ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပါမည်။
(င) ကာကွယ်ရေးမူဝါဒ ။ ။ အမိနိုင်ငံတော်အား ပြည်တွင်း/ပြည်ပ အန္တရာယ်များမှ အပြည့်အဝ ကာကွယ်နိုင်စွမ်းရှိအောင် အစဉ်ကြိုးပမ်း ဆောင်ရွက်သွားပါမည်။
(စ) လူ့အခွင့်အရေးဆိုင်ရာမူဝါဒ ။ ။ အခြေခံဥပဒေနှင့်အညီ နိုင်ငံသူ နိုင်ငံသားတိုင်း၏ အခြေခံလူ့အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ဖော်ဆောင် ပေးမည်။
(ဆ) ဘာသာရေးနှင့်လူမှုရေးဆိုင်ရာမူဝါဒ ။ ။ ဘာသာတိုင်း၏ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို လေးစားစွာလိုက်နာဖော်ဆောင်မည်။ လူမှုရေး ပရဟိတလုပ်ငန်းများကို အားပေးကူညီ ဆောင်ရွက်မည်။
(ဇ) ပူးပေါင်းဆောင်ရွက်ရေးမူဝါဒ ။ ။ ကျွန်ုပ်တို့ပါတီ၏ နိုင်ငံရေးမူဝါဒနှင့် ကိုက်ညီသော နိုင်ငံရေးပါတီအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားပါမည်။
(ဈ) ပညာရေးမူဝါဒ ။ ။ တစ်မျိုးသားလုံး ပညာရည်မြင့်မားပြီး နိုင်ငံတကာ အဆင့်မီအောင် ထာဝစဉ်ကြိုးပမ်းဆောင်ရွက်သွားမည်။ စွမ်းရည်မြင့်မားသော လူ့စွမ်းအားအရင်းအမြစ်ကို အခြေခံ၍ အမိနိုင်ငံတော် ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အစဉ်ကြိုးပမ်းဆောင်ရွက်မည်။
(ည) ကျန်းမာရေးမူဝါဒ ။ ။ နိုင်ငံသူ/နိုင်ငံသားများအားလုံး သက်ရှည်ကျန်းမာရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်။
(ဋ) ယဉ်ကျေးမှုဆိုင်ရာမူဝါဒ ။ ။ စာပေ၊ ယဉ်ကျေးမှုနှင့် အနုပညာအမွေအနှစ်များကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်သွား ပါမည်။
မဲဆန္ဒရှင်များ ခင်ဗျား
ပါတီလုပ်ငန်းစဉ်များ
(က) အမျိုးသားရေးလုပ်ငန်းစဉ် ။ ။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် အောက်ပါအတိုင်း ဆောင်ရွက်ပါမည်။
(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ထာဝစဉ်တည်တံ့ ခိုင်မြဲရေးအတွက် အခြေခံဥပဒေပါ “နိုင်ငံတော်၏ နယ်မြေအပိုင်း အခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ” ဆိုသည့် ပြဋ္ဌာန်းချက်ကို လေးလေးနက်နက် ကိုင်စွဲပါမည်။
(၂) နိုင်ငံသူ/နိုင်ငံသားများ၏ ဒေသအားလုံးကို လူမှုစီးပွားနှင့် အခြေခံ အဆောက်အအုံများ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းအောင် ကြိုးပမ်းဆောင်ရွက်ပေးပါမည်။
(ခ) နိုင်ငံရေးလုပ်ငန်းစဉ် ။ ။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို လက်တွေ့ကျကျ ကျင့်သုံးနိုင်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်သွားပါမည်။
(၁) လူ့အခွင့်အရေးသတ်မှတ်ချက်များနှင့်အညီ လူ့အခွင့်အရေးများထွန်းကားပြန့်ပွားရေးကို ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်သွားပါမည်။
(၂) မြန်မာ့လူ့ဘောင်သစ်အတွင်း လွတ်လပ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ဟန်ချက်ညီညီ လက်တွေ့ကျင့်သုံးသည့် ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားလာရေးအတွက် အစဉ်ဆောင်ရွက်သွားပါမည်။
(၃) နိုင်ငံတော်အချုပ်အခြာအာဏာ၏ အဓိကမဏ္ဍိုင်သုံးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို အချင်းချင်း အပြန်အလှန် လေးစားထိန်းကျောင်းခြင်းများ ဆောင်ရွက် သွားပါမည်။
(ဂ) ကာကွယ်ရေးလုပ်ငန်းစဉ် ။ ။ အမိနိုင်ငံတော်အား ပြည်တွင်း ပြည်ပ အန္တရာယ်များမှ အပြည့်အဝ ကာကွယ်နိုင်စွမ်းရှိအောင် ကြိုးပမ်းဆောင်ရွက်သွားပါမည်။
(၁) မြန်မာ့ တပ်မတော်ကို ခေတ်မီတပ်မတော်ကြီး ဖြစ်အောင် အစဉ်ကြိုးပမ်း ဆောင်ရွက်ပါမည်။
(၂) အမိနိုင်ငံတော်လုံခြုံရေး နှင့် ကာကွယ်ရေးတွင် နိုင်ငံသူ/ နိုင်ငံသားများ အားလုံး ပါဝင်နိုင်အောင် စီမံဆောင်ရွက်သွားပါမည်။
(ဃ) စီးပွားရေးလုပ်ငန်းစဉ် ။ ။ နိုင်ငံတော်တွင် လွတ်လပ်ပြီး တရားမျှတသော ဈေးကွက်စီးပွားရေးစနစ်တစ်ရပ် ပီပြင်စွာဖြစ်ပေါ်လာစေရေးအတွက် အောက်ပါအတိုင်း ဆောင်ရွက်သွားပါမည်-
(၁) အစိုးရ၊ ဒေသဆိုင်ရာအဖွဲ့အစည်း၊ ပုဂ္ဂလိက စသည့် စီးပွားရေး အင်အားစုများအားလုံး သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများတွင် မျှမျှတတ ပါဝင်ဆောင်ရွက်ခွင့်ရရှိအောင် အမြဲဆောင်ရွက်သွား ပါမည်။
(၂) ဈေးကွက်စီးပွားရေးကို ကျင့်သုံးရာတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းအား ပျက်ပြားစေမည့် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ၊ လက်ဝါးကြီးအုပ်ခြင်း၊ ဈေးကစားခြင်း စသည့် လုပ်ဆောင်မှုများကို တားဆီးကာကွယ်သွားပါမည်။
(၃) ဆင်းရဲချမ်းသာကွာဟမှု၊ မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကွာခြားမှုများကို လျှော့ချနိုင်ရေးအတွက် အဓိကဆောင်ရွက် သွားပါမည်။
(၄) နိုင်ငံသူ/နိုင်ငံသားများ၏ ပိုင်ဆိုင်မှုများကို ဥပဒေဖြင့် ကာကွယ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားပါမည်။
(၅) ပြည်သူများအားလုံး စားဝတ်နေရေးဖူလုံပြီး လူနေမှုအဆင့် အတန်းမြင့်မားရေးအတွက် အလုပ်အကိုင်အခွင့်အလမ်း တစ်ဦးချင်းဝင်ငွေ တိုးပွားလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက် ပါမည်။
လေးစားအပ်ပါသော မဲဆန္ဒရှင်များခင်ဗျား-
ကျွန်တော်တို့ပါတီကိုယ်စားလှယ်လောင်းများသည် ဗိုလ်တထောင် မြို့နယ်က ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် ဗိုလ်တထောင်သားများ မဲပေး ကြပါလို့ ပန်ကြားအပ်ပါတယ်-
(အောင်မြင်ပါစေ မြန်မာပြည်
သာယာပါစေ မြန်မာပြည်
ချမ်းသာပါစေ မြန်မာပြည်)
နိဂုံးချုပ်
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် နိုင်ငံတကာအတွေ့အကြုံ၊ ပြည်တွင်းအတွေ့အကြုံများကို ပေါင်းစပ်၍ လူ့စွမ်းအားအရင်းအမြစ်ကို အခြေခံကာ နိုင်ငံတော်အပေါ် သစ္စာထားပြီး စီးပွားရေးကို တစ်ဟုန်ထိုး တိုးတက်ရန်ဖြစ်တဲ့အတွက် ကျွန်တော်တို့ပါတီကို မဲထည့်ပြီး အားပေးကြပါလို့ တိုက်တွန်းရင်းနှင့် နိဂုံးချုပ်ပါသည်။
မိဘပြည်သူအပေါင်းတို့ - ကောင်းသောလိုအင်ဆန္ဒပြည့်ဝပါစေလို့ ဆုတောင်းပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။


