နေပြည်တော် ၁၁ ဇူလိုင်
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့်အဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စဝ်ဘောင်ခေး ဦးဆောင်သည့် အဖွဲ့တို့၏ ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)မှ အစပြုလိုက်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည် ဖော်သည့်နေရာ၌ အခက်အခဲများကြုံတွေ့လာရချိန်တွင် မိမိတို့အားလုံး၏ စိတ်ရင်းအမှန်၊ ခံယူချက်အမှန်များ အထင်အရှား ထွက်ပေါ်လာခဲ့ပါကြောင်း၊ ဝမ်းမြောက်ဖွယ်ရာကောင်းသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မပျက်ပြားစေရန် စိုးရိမ်ပူပန်စိတ်ကြောင့် မိမိတို့အကြားနား လည်မှုများရရှိပြီး ပိုမိုညီညွတ်လာခဲ့ကြပါကြောင်း၊ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကြောင့် မိမိတို့အားလုံး နိုင်ငံရေးရင့်ကျက်မှု ရရှိလာခဲ့ပါကြောင်း။
မိမိတို့ ဘုံပိုင်ဆိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လမ်းကြောင်းမှန်မှ သွေဖီသွားစေရန်၊ ပျက်ပြားသွားစေရန်၊ ကြန့်ကြာစေရန်လုပ်ဆောင်နေသူများလည်း ရှိနေမည်ဖြစ်ပါကြောင်း၊ သို့သော် မိမိတို့အချင်းချင်းအကြားတွင် ယုံကြည်မှုများပိုမိုခိုင်မာအောင် တည်ဆောက်နိုင်ပြီဖြစ်သည့်အတွက် အောင်မြင်မည်ဆိုသည်ကို အခိုင်အမာယုံကြည်ပါကြောင်း၊ မည်သည့်လုပ်ငန်းစဉ်မဆို အခက်အခဲ၊ အတားအဆီးများရှိမြဲဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ထိုအခက်အခဲများကြောင့် ပို၍ကျောချင်းကပ်လာခဲ့ကြပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် တန်ဖိုးထားမှုများကြောင့် စိတ်ရှည်သည်းခံမှုနှင့် စာနာနားလည်မှုများဖြစ်ပေါ် လာခဲ့ပါကြောင်း၊ တွေ့ကြုံခဲ့ရသည့် အခက်အခဲများကြောင့် ယုံကြည်မှုတည်ဆောက်ရေးကို တိုး၍ ခိုင်မာလာစေပြီး စိန်ခေါ်မှုများကြားမှ အခွင့်အလမ်းများရယူနိုင်သည့် အတွေ့အကြုံ တစ်ရပ်လည်းရရှိလာပါကြောင်း။
ယနေ့ ဆွေးနွေးပွဲသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယ အစည်းအဝေးနောက်ပိုင်း (၈)ကြိမ်မြောက် တွေ့ဆုံမှုလည်းဖြစ်ပါကြောင်း၊ ၈ လတာကာလအတွင်း ၈ ကြိမ်မြောက် တွေ့ဆုံခဲ့ခြင်းမှာအနည်းဆုံး ၁ လ ၁ ကြိမ် တွေ့ဆုံမှုရှိနေသည်ဟု ပြောနိုင်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် နှစ်ဖက်အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ရာတွင် မည်သို့ဆက်၍ ဆောင်ရွက်ကြမည်ဆိုသည်ကို အလေးပေးဆွေးနွေး ကြမည်ဖြစ်ပါကြောင်း။
ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်တွင်ပြုလုပ်ခဲ့သည့် UPDJC အတွင်းရေးမှူးများ အလွတ်သဘော အစည်းအဝေးတွင် အစိုးရဘက်မှ ကမ်းလှမ်းထားသည့် တစ်ချိန်တည်း တစ်ပြိုင်တည်း လျှောက်လှမ်းရမည့် လမ်းကြောင်းလေးခုအပေါ်တွင်လည်း RCSS ၏ သဘောထားများ ထည့်သွင်းဆွေးနွေးပေးရန် မျှော်လင့်ပါကြောင်း၊ ထို့အတူ RCSSနှင့် အစိုးရအကြား နှစ်ဖက်ပူးတွဲလုပ်ကိုင်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ဆွေးနွေးကြမည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးတစ်ခုလုံးနှင့် ပတ်သက်သည့်ကိစ္စများအပြင် တစ်ဖွဲ့ချင်းဆိုင်ရာ ကိစ္စရပ်များလည်း ပါဝင်နေသည့်အတွက် ယနေ့ဆွေးနွေးပွဲသည် အရေးကြီးပါကြောင်း။
ယခုဆွေးနွေးပွဲတွင် ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန်၊ အခက်အခဲများရှိပါက ဝိုင်းဝန်းအဖြေရှာပေးကြရန်၊ တစ်ဖွဲ့ချင်းကိစ္စရပ်များအပြင် အဖွဲ့အားလုံးအတွက် အကြံပြုထားသည့် နည်းလမ်းများကိုလည်း ဆွေးနွေးပေးကြရန်ပြောကြားလိုပါကြောင်း၊ အစိုးရဘက်က ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိပါက ပွင့်ပွင့်လင်းလင်း ပြောကြားစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေးဆွေးနွေး ရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စဝ်ဘောင်ခေးက ယနေ့ဆွေးနွေးပွဲသည် မတ် ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် NRPC-RCSS ဆွေးနွေးပွဲ၏ အဆက်ဖြစ်ပြီးယခင်အစည်း အဝေး၏ သဘောထားစုစည်းချက်များအပေါ်တွင် မည်မျှအထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်ကို ပြန်လည်သုံးသပ်ရန် လိုအပ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် မတ် ၁၁ ရက်တွင် ကျင်းပသည့် အစည်းအဝေးသဘောထားမှတ်ချက်အတိုင်း ဖမ်းဆီးခံထားရသည့် RCSS အဖွဲ့ဝင်(၃၀)ကို ပြန်လည်လွှတ်ပေးခဲ့သည့်အတွက် နိုင်ငံတော်အစိုးရအားအထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍အားလုံးအတွက် အဆင်ပြေအောင် ပြီးခဲ့သည့် (၅)လတာကာလအတွင်း နှစ်ဦးနှစ်ဖက် ကြိုးပမ်းဆောင်ရွက် နေခြင်းမှာ ကောင်းမွန်သည့် ချဉ်းကပ်မှုဖြစ်ပါကြောင်း။
ယနေ့အစည်းအဝေးတွင် (၂၁)-ရာစုပင်လုံညီလာခံ အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲများ တရားဝင်ကျင်းပနိုင်ရေး ကိစ္စရပ်များကို အပြန်အလှန်အကျေအလည်ဆွေးနွေးပြီး ငြိမ်းချမ်းရေးရှေ့ခရီးအတွက် ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံရေးသဘော တူညီချက်မရသေးခင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်နေသော ကြားကာလတွင် သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူလူထုအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်သွားကြရမည် ဖြစ်သည့်အတွက် ယနေ့အစည်းအဝေးတွင် ဆွေးနွေးသွားကြရမည် ဖြစ်ပါကြောင်း။
၂၀၂၀ ပြည့်နှစ်မတိုင်မီနှင့် ၂၀၂၀ ပြည့်နှစ်အလွန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခင်းအကျင်းနှင့် ဖက်ဒရယ်တည်ဆောက်ရေး လမ်းစဉ်များကို တိကျသည့် အစီအစဉ် အချိန်ဇယား ချမှတ်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ သို့မှသာမိမိတို့လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်သွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တာဝန်ရှိသူများက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၏ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၏ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းကြသည်။
ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသူများက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖြစ်သည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးကိစ္စ၊ တရားဝင်ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကိစ္စ၊ ၂၀၁၉ ခုနှစ်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးကိစ္စတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေးကိစ္စများဖြစ်သည့် မုံးထဒေသနှင့် နမ့်ပန်ခွန်ဒေသမြောက်ပိုင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကိစ္စ၊ စာသင်ကျောင်းများနှင့် ကျေးလက်ဆေးပေးခန်းများ ဆောက်လုပ်ရေး လုပ်ငန်းကိစ္စများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းကိစ္စနှင့် အကျဉ်းကျနေသည့် RCSS တပ်ဖွဲ့ဝင်များ ပြန်လည်လွတ်မြောက်ရေးကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်းဆွေးနွေးကြသည်။
ဆက်လက်၍ နှစ်ဖက် သဘောထားစုစည်းချက်များ ရယူခြင်းကိုဆောင်ရွက်ကြသည်။
ထို့နောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေးဆွေး နွေးရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စဝ်ဘောင်ခေးက ယနေ့အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ပွင့်လင်းရင်းနှီးစွာဆွေးနွေးနိုင်ခဲ့ပြီး နှစ်ဦးနှစ်ဖက်ကြားတွင် နားလည်မှု၊ ယုံကြည်မှု၊ အသိအမှတ်ပြုမှုနှင့် တန်းတူညီမှုများ ပိုမိုရရှိခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် သဘောထားချမှတ်နိုင်ခဲ့ပါကြောင်း။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရှေ့ဆက်နိုင်ရေးအတွက် အစိုးရ၏ အဆိုပြုချက်(၄) ရပ်ကို ဆွေးနွေး၍ ရှေ့ခရီးတွင် မည်သည့်အရာများကို လုပ်ဆောင်သင့်သည်ကို ညှိနှိုင်းနိုင်ခဲ့ပြီး ထိုအဆိုပြုချက်(၄)ချက်ကို EAO အစုအဖွဲ့အတွင်း ဆက်လက်ဆွေးနွေးသွားရန် ရှိပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အပြုသဘောဆောင်သောထိုက်သင့်သည့် ရလဒ်များကို ရရှိခဲ့ပါကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ယနေ့ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် ရင်းနှီးပွင့် လင်းစွာဆွေးနွေးခဲ့ကြပြီး သဘောတူညီချက် (၈)ချက်ရရှိပါကြောင်း၊ အဆိုပါ (၈)ချက်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်သည့် အချက်များ၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုကိစ္စများကို အခြေခံရရှိလာသည့် အသီးအပွင့်များဖြစ်ပြီး မိမိတို့ပြည်သူများအားလုံး ခံစားကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ဆွေးနွေးချက်များသည် တိုင်းရင်းသားပြည်သူများနှင့် သက်ဆိုင်ရာဒေသရှိ ပြည်သူများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်သည့်အတွက် များစွာပီတိဖြစ်ရပါကြောင်း၊ ထို့ကြောင့် မိမိတို့နှစ်ဖက်အနေဖြင့် ယခုဆွေးနွေးပွဲကို နမူနာယူ၍ ရှေ့ဆက်ပြီးတစ်ဦးနှင့် တစ်ဦးပွင့်ပွင့်လင်းလင်းအမြင်ချင်း ဖလှယ်ဆွေးနွေးကြမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲအပြီးတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဦးစိုင်းငင်းတို့ကယနေ့ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများအား ရှင်းလင်းပြောကြားကြသည်။
သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ NRPC နှင့် RCSS ဆွေးနွေးပွဲမှာ အလွတ်သဘောဆွေးနွေးပွဲများ အပါအဝင် ၈ လအတွင်း ၈ ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း၊ ယခု ၈ ကြိမ်မြောက်အစည်းအဝေးတွင် အဓိကအားဖြင့် သဘောထားစုစည်းချက် ၈ ချက် ရရှိပါကြောင်း၊ မိမိတို့ ဆွေးနွေးခြင်းများတွင် အဓိကအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာကိစ္စရပ်များ အပိုင်း(၁)ကို ဆွေးနွေးပါကြောင်း၊ အဓိက အမျိုးသားအဆင့်နိုင်ငံရေးဆွေး နွေးပွဲများ ကျင်းပနိုင်ရေးကိစ္စကို ဆွေးနွေးပါကြောင်း၊ တရားဝင်ဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်ရန် ဆွေးနွေးပါကြောင်း၊ ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေး ကျင်းပနိုင်ရေးကိစ္စအပေါ် သဘောထားများကို ဆွေးနွေးပါကြောင်း၊ ဒုတိယပိုင်းအနေဖြင့် ဒေသဖွံ့ဖြိုးရေးကိစ္စများကို ဆွေးနွေးပါကြောင်း၊ အထူးသဖြင့် မုန်းထော်ဒေသဖွံ့ဖြိုးရေးကိစ္စ၊ နမ့်ပန်ခွန်(မြောက်ခြမ်း) ဖွံ့ဖြိုးရေးကိစ္စ၊ စာသင်ခန်းနှင့် ကျေးလက်ဆေးပေးခန်းများ ဆောက်လုပ်ရေးကိစ္စများကို ဆွေးနွေးပါကြောင်း၊ တတိယပိုင်းအနေဖြင့် မူးယစ်ဆေးဝါးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပါကြောင်း၊ အကျဉ်းကျခံနေရသည့် RCSS တပ်ဖွဲ့ဝင်များ ပြန်လည် လွတ်မြောက်ရန် ကိစ္စနှင့်စပ်လျဉ်း၍ ယနေ့ ထပ်မံတင်ပြလာသည့် အပေါ်တွင်လည်း ဆွေးနွေးပါကြောင်း၊ ဆွေးနွေးချက်များအပေါ်တွင် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ပါကြောင်း၊ ပြဿနာပြေလည်ရေးကို အားလုံးက အပြုသဘောဆောင်၍ ဆွေးနွေးကြသည့်အတွက် ယနေ့ဆွေးနွေးပွဲသည် အောင်မြင်သည်ဟု ပြောရမည်ဖြစ်ပါကြောင်း။
အထူးသဖြင့် Time Line မှအစ အကြမ်းဖျဉ်းလျာထားချက်များကို ဆွေးနွေးပါကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ ရလဒ်သည် RCSS နှင့် NRPC အကြားမှ စုစည်းချက်များ ဖြစ်ပါကြောင်း၊ ယင်းအပေါ်တွင် RCSS မှလည်း EAO များနှင့် ဆက်၍ ဆွေးနွေးရမည် ဖြစ်ပါကြောင်း၊
NCA အကောင်အထည်ဖော်မှုများနှင့် ပတ်သက်ပြီး မိမိတို့နားလည်မှုများနှင့် ပြေလည်မှုများရအောင် အကြောင်းအရာများစွာ ပါရှိပါကြောင်း၊ Federal Principle များအား ညီလာခံတွင် မည်သည့် Federal Principle များရအောင်လုပ်မည်ဆိုသည်ကို ၂၀၂၀ ပြည့်နှစ် မတိုင်ခင်ဖြစ်စေ၊ နှစ်ဆန်းပိုင်းတွင်ဖြစ်စေ မိမိတို့လုပ်ဆောင်မည်ဟု ရည်မှန်းပါကြောင်း၊ သို့သော်လည်း ယင်းကို ပြန်လည်အတည်ပြုမည်ဖြစ်ပါကြောင်း၊ ညီလာခံတွင် ဒီမိုကရေစီဖက်ဒရယ် အခြေခံမူများ မည်သည့်အရာများ ရအောင်ဆောင်ရွက် မည်ဆိုသည်ကို လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ နောက်တစ်ချက်မှာ ၂၀၂၀ ပြည့်နှစ် မတိုင်ခင်နှင့် ၂၀၂၀ ပြည့်နှစ် အလွန်တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အဆင့်လိုက်သွားရမည့် ကိစ္စရပ်များကို မိမိတို့ဘက်မှ အဆိုပြု သဘောတူထားပါကြောင်း၊ နောက်ဆုံးအချက်မှာ ဖွံ့ဖြိုးရေးဖြစ်ပါကြောင်း။
အထူးသဖြင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးရရှိသွားသည့် နယ်မြေဒေသများမှာ သိသိသာသာ ဖွံ့ဖြိုးရေးကို လိုပါကြောင်း၊ ဒေသခံပြည်သူများ ငြိမ်းချမ်းရေးအကျိုးတရား ရရှိခံစား စေရေးကို မိမိတို့ အဓိကထားဆွေးနွေးကြခြင်း ဖြစ်ပါကြောင်း၊ ယင်းကိုလည်း EAOs (၁၀) ဖွဲ့လုံးနှင့် အဆိုပြုထားမည်ဖြစ်ပြီး ဆောင်ရွက်ရန် လမ်းကြောင်း ၄ ခုရှိ ပါကြောင်း၊ တစ်ခုပြီး တစ်ခုမဟုတ်ဘဲ တစ်ချိန်တည်းတစ်ပြိုင်တည်း ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း ပြောကြားသည်။
အလားတူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဦးစိုင်းငင်းက “နံပါတ် ၁ အချက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့နေတာကို ရှေ့ခရီးမှာ ဘယ်လိုလုပ်ကြမယ်။ စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံကိစ္စရယ်။ နောက်ပြီး တရားဝင် ဆွေးနွေးပွဲကိစ္စကို ဘယ်လိုလုပ်ကြမလဲ။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိစ္စတွေကို ဆွေးနွေးပါတယ်။ ကျွန်တော်တို့ နယ်မြေမှာ ရှိနေတဲ့ လူထုတွေအတွက် ဒေသဖွံ့ဖြိုးရေး ကိစ္စတွေ၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ကိစ္စတွေ၊ ကျွန်တော်တို့ဘက်က လက်ကျန် အကျဉ်းသားကိစ္စတွေကို ကျွန်တော်တို့ သဘောတူညီချက် ရခဲ့ပါတယ်။
“ဒီအစည်းအဝေးကတော့ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်ကြားမှာ နားလည်မှုတွေ၊ ယုံကြည်မှုတွေ၊ အသိအမှတ်ပြုမှုတွေ၊ တန်းတူညီမှုတွေကို ပိုမိုတည်ဆောက်နိုင်ခဲ့တယ်။ ကောင်းမွန်တာတွေ ရတယ်လို့ပဲ ကျွန်တော်တို့ ပြောချင်ပါတယ်။ ၂၁ ပင်လုံကတော့ ဒီနှစ်အတွင်းမှာ ဒီဇင်ဘာလား (ဒါမှမဟုတ်) နှစ်ဆန်း ဇန်နဝါရီ လပိုင်းလောက်မှာတော့ ကျင်းပလိုတဲ့ အနေအထားရှိပါတယ်။
“ကျွန်တော်တို့က အမျိုးသားအဆင့်ဆွေးနွေးပွဲ လုပ်တယ်ဆိုတဲ့နေရာမှာ သူ့ရဲ့ လုပ်ထုံးလုပ်နည်းတွေ SOP တွေရှိပါတယ်။ အဲဒီအတိုင်းပဲ ကျွန်တော်တို့က ဆက်လက်သွားဖို့ရှိပါတယ်။ တစ်ချို့ နားလည်မှုလွဲနေတာတွေကို ပြန်ညှိရမယ့်အပိုင်းလေးရှိပါတယ်။ ဆက်လက်ကျင်းပဖို့ လမ်းပွင့်သွားပြီလို့ ဆိုရမှာဖြစ်ပါတယ်” ဟုပြောကြားသည်။
ဆက်လက်၍ ဦးဇော်ဌေးက အနှစ်ချုပ်ပြောရမည်ဆိုပါက ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်က ရန်ကုန်မြို့တွင် KNU နှင့် အလွတ်သဘော တွေ့ခဲ့သလို ကျန်သည့် NCA လက်မှတ်ထိုးထားသည့် အဖွဲ့က ခေါင်းဆောင်များနှင့်လည်း မိမိတို့တွေ့ဆုံခဲ့ပါကြောင်း၊ ၂၁ ရာစုပင်လုံ တတိယအစည်း အဝေးပြီးသည့် နောက် ၈ လခန့်အထိ အစည်းအဝေးများ မစတင်နိုင်ပါကြောင်း၊ ၎င်းမှာ နိုင်ငံတကာ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ဖြစ်လေ့ဖြစ်ထရှိပြီး အတက်အကျရှိပါကြောင်း၊ ယင်းမှာ နှစ်ဖက်စိတ်ရှည်သည်းခံပြီး ဆောင်ရွက်ရသည့် ကိစ္စများဖြစ်ပါကြောင်း၊ မကြာခင်မှာလည်း မိမိတို့ တရားဝင်နိုင်ငံရေးအစည်းအဝေးများ အမြန်ဆုံးစတင်နိုင်ရန် အားလုံးက ကြိုးစားနေကြသည့်အတွက် အားရပါကြောင်း၊ နိုင်ငံရေးအရဖြေရှင်းကြသည့် နိုင်ငံရေး ဆွေးနွေးပွဲများမှာ များစွာအခက်အခဲရှိပြီး ကျော်ဖြတ်ရမည့် ကိစ္စများရှိပါကြောင်း၊ နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း ယခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲမျိုး တစ်ခါမျှမရှိခဲ့ပါကြောင်း၊ နိုင်ငံရေးပြဿနာများကို ယခုလိုမျိုးငြိမ်းငြိမ်းချမ်းချမ်း စားပွဲဝိုင်းတွင် စတင်ဖြေရှင်းသည့် ယဉ်ကျေးမှုမှာ ယခုရောက် နေပြီဖြစ်ပါကြောင်း၊ တွေ့ကြုံလာသည့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းသည့်အခါ ယုံကြည်မှုများ ပိုမိုတည်ဆောက်နိုင်ပါကြောင်း၊ အထူးသဖြင့် RCSS နှင့်ကျန်သည့်ကြားကာလတွင် အလွတ်သဘောတွေ့ဆုံခဲ့သည့် အဖွဲ့များသည် များစွာနားလည်မှုနှင့် ယုံကြည်မှုရှိလာပါကြောင်း၊ တစ်ချိန်တည်းမှာ ရပ်ဆိုင်းနေသည့် အစည်းအဝေးများ စတင်နိုင်ရန် အလားအလာများစွာ ကောင်းသည်ဟု နိဂုံးချုပ်ပြော ကြားလိုကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်သူ၊ ဦးခင်မောင်တင်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စဝ်ဘောင်ခေး၊ ဦးစိုင်းငင်း၊ ဦးအောင်မြ၊ ဦးဆောင်းဟန်၊ ဦးစိုင်းဟန်၊ ဦးစိုင်းဦး၊ ဦးဒေဝိန်၊ ဦးစင်းသျှဲန်မိုင်တို့ တက်ရောက်ကြသည်။
မျိုးမြင့်၊ မျိုးသူဟိန်း(သတင်းစဉ်)


