နေပြည်တော် ဖေဖော်ဝါရီ ၂၀

အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ (NAQAC) စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးနှင့် ဆက်စပ်ဝန်ကြီးဌာန ၉ ခုမှ ကော်မတီဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက NAQAC သည် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ဘာသာရပ် သင်တန်းများ၏ သင်ကြားသင်ယူမှု အရည်အသွေး၊ ပညာတတ်များ မွေးထုတ်ရေး၊ ဘွဲ့ရ ပညာတတ်အရည်အသွေးနှင့် သုတေသန စွမ်းဆောင်ရည်မြင့်မားရေးအတွက် အရည် အသွေးအာမခံမှုကို ကွပ်ကဲထိန်းကျောင်းပေးရသည့် အဖွဲ့အစည်းဖြစ်သဖြင့် အမြဲရှင်သန် ထက်မြက်နေရန် လိုအပ်ပါကြောင်း၊ အာဆီယံတက္ကသိုလ်များကွန်ရက် အရည်အသွေး အာမခံမှုစနစ် (AUN-QA) အကဲဖြတ်မှု လမ်းညွှန်စာအုပ်ကို ပြုစုဖြန့်ဝေနိုင်ခဲ့ပြီး ဆက်လက်၍ NAQAC ၏ အမျိုးသားပညာရေးအဆင့်အတန်း အကဲဖြတ်မှုလုပ်ငန်းစဉ် (NAQAC Accreditation Process) ဆိုင်ရာမူဝါဒများ သတ်မှတ်အတည်ပြုကာ NAQAC ၏ စစ်ဆေး အကဲဖြတ်မှုလက်စွဲ (NAQAC Assessment Manual ) ကို ပြုစု၍ သင်တန်းပေးလေ့ကျင့်နိုင်ရေး ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။ 

ထို့နောက် အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ် ကော်မတီအတွင်းရေးမှူး ဒေါက်တာကြည်ရွှင်က NAQAC က ဆောင်ရွက်ပြီးစီးသော လုပ်ငန်းများကို တင်ပြရှင်းလင်းပြီး တက်ရောက်လာကြသူများက ASEAN Qualifications Reference Framework Committee နှင့် ဆက်စပ်လုပ်ငန်းများကို ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်