အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ဝိတ်ကျနှုန်းပိုမြန်တယ်လို့ မကြာခဏ ကြားရမြင်ရဖူးတယ်။ ဒီလို ပြောဆိုနေကြတာတွေဟာ တကယ်ရောမှန်ကန်မှုရှိရဲ့လား။ တကယ်ပဲ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး ကိုယ်အလေးချိန် လျှော့ကျနှုန်းမြန်ဆန်တာလား?

 

လူအတော်များများဟာ အမျိုးသားတွေဟာ ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာ အမျိုးသမီးတွေထက် ပိုပြီး အားသာချက်ရှိတယ်လို့ ယုံကြည်ထားကြပါတယ်။ တကယ်တော့ ဒီလိုကိစ္စမျိုးဆိုတာဟာ ရယ်စရာမောစရာ ဟာသပုံပြင်သက်သက်လို့ တောင်းဆိုလို့ရပါတယ်။ ယောင်္ကျားနဲ့ မိန်းမသဘာဝ မတူညီတာကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ တူညီတဲ့နှုန်းမရှိတာမှန်ပေမယ့် ရည်မှန်းချက် အောင်မြင်မှုပိုင်းမှာတော့ ကျားပဲဖြစ်ဖြစ် မပဲဖြစ်ဖြစ် ကြိုးစားအားထုတ်မှုပေါ်မှာပဲ မူတည်မှာ ဖြစ်ပါတယ်။

 

ကဲ ဘာကြောင့် အထက်ကလို ယောင်္ကျားတွေဟာ ဝိတ်ကျတာပိုမြန်တယ်ဆိုတဲ့ အယူအဆမျိုးကို လူတွေ ယုံကြည်နေကြတာလဲ။ လေ့လာကြည့်ရအောင်။

 

အမျိုးသားတွေရဲ့ ကြွက်သား တစ်သျှူးအရွယ်အစားဟာ ပိုမိုကျစ်လျစ်လေ့ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ အဆီတွေကို လောင်ကျွမ်းရာမှာ ပိုမိုလျင်မြန်ပါတယ်။ ဒါကြောင့် အမျိုးသားတွေနဲ့ အမျိုးသမီးတွေ တူညီတဲ့ ကယ်လိုရီပမာဏကို ပြိုင်တူလောင်ကျွမ်းမယ်ဆိုရင် အမျိုးသားတွေဟာ ပိုမိုလျင်မြန်စွာ ချေဖျက်နိုင်မှာဖြစ်ပါတယ်။ ဒီအချက်ကြောင့် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ဝိတ်ပိုကျနိုင်တယ်ဆိုတဲ့ ယူဆချက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

ဒါပေမယ့် ဒီတစ်ချက်နဲ့တော့ ဝိတ်ချရာမှာ အမျိုးသားတွေက ပိုမိုလျင်မြန်စွာ ကိုယ်အလေးချိန် လျှော့ချနိုင်လိမ့်မယ်လို့ တစ်ထစ်ချ ဆိုလို့မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အထက်ပါယူဆချက် စတင်ပေါ်ထွက်လာတာက ဆေးသိပ္ပံနည်းပညာတွေ မဖွံ့ဖြိုးသေးခင်ကာလတွေတုန်းကဖြစ်ပါတယ်။

 

ဒီဘက်ခေတ်မှာတော့ ပိုမိုဆန်းသစ်တဲ့ လေ့လာမှုတွေ လုပ်လာနိုင်နေကြပြီဖြစ်ပါတယ်။ ယျေဘုယျအားဖြင့် အမျိုးသားတွေက အဆီတွေကို ပိုလျင်လျင်မြန်မြန် လောင်ကျွမ်းအောင် လုပ်နိုင်ကြပေမယ့် ရေရှည်ဝိတ်ချ ကြတဲ့အချိန်မှာတော့ ကွာဟချက်မရှိဘူးဆိုတာကို လေ့လာချက် တွေက သက်သေပြနိုင်ခဲ့ပါတယ်။ ကိုယ်အလေးချိန် လျှော့ချရေးပညာရှင်တွေကတော့ ဘယ်သူက အဆီတွေကို ပိုမြန်မြန်ချနိုင်လဲဆိုတာက အရေးမကြီးပဲ ဘယ်လောက်ပမာဏကို ဘေးကင်းကင်းနဲ့ ချနိုင်လဲဆိုတာက ပိုအရေးကြီးတယ်လို့ ဆိုထားကြပါတယ်။

 

Slim-Fast and Weight Watchers ရဲ့ စောင့်ကြည့်လေ့လာမှုတွေအရ အမျိုးသားတွေနဲ့ အမျိုးသမီးတွေ ကို အချိန်တူ လေ့ကျင့်ခန်းတူ ဝိတ်ချဖို့ စီစဉ်ပေးရာမှာ ပထမ ၂ လအတွင်းမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ကိုယ်တွင်းအဆီပမာဏ ၃ ဆ အထိ ပိုမိုလျော့ကျအောင် လျှော့ချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၆ လ ကြာချိန်မှာတော့ ကျဆင်းသွားတဲ့ ကိုယ်အလေးချိန်ဟာ အတူတူပဲဖြစ်ပါတယ်။

 

အရေးအကြီးဆုံးသိထားသင့်တဲ့ အချက်က အဆီဆိုတိုင်း လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတာ မဟုတ်ပါဘူး။ တချို့အဆီတွေဟာ လူတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့် အဆီတွေကို လျှော့ချနိုင်တိုင်း ကိုယ်အလေးချိန်လျော့ကျတယ်လို့ မဆိုနိုင်ပါဘူး။ အမျိုးသမီးတွေဟာ သဘာဝအားဖြင့် အမျိုးသားတွေထက် အဆီပို ၁၁ ရာခိုင်နှုန်း ပိုများပါတယ်။ ဘယ်လောက် ခန္တာကိုယ် ကျစ်လျစ်တဲ့ အမျိုးသမီးဖြစ်နေပါစေ အမျိုးသားတွေထက် အဆီပို ၁၁ ရာခိုင်နှုန်း ပိုများနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ အမျိုးသားတွေထက် ၁၁ ရာခိုင်နှုန်း  ပိုဝတယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး။ သူတို့ဟာ ဒီအဆီတွေ ရှိနေပေမယ့်လည်း ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေကြမှာဖြစ်သလို ကျန်းမာနေမှာလည်း ဖြစ်ပါတယ်။

 

တစ်ဖက်မှာလည်း အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ကယ်လိုရီပိုလိုအပ်ပါတယ်။ ဒါကြောင့် အဆီပိုတွေကို လျှော့ချနိုင်စွမ်းပိုများသလို တစ်ဖက်မှာလည်း ကယ်လိုရီပိုများများ လိုအပ်တာမို့ ဝိတ်အတက်အကျမြန်တဲ့ ပြဿနာရင်ဆိုင်ရလေ့ရှိပါတယ်။ နောက်ပြီး ယောင်္ကျားတွေဟာ တစ်နေ့ကို နာရီဝက်နဲ့ တစ်နာရီ ဝန်းကျင်လောက် လေ့ကျင့်ခန်းလုပ်ရုံနဲ့ အဝလွန်ခြင်းကို မလျှော့ချနိုင်ကြောင်းလည်း လေ့လာမှုတွေကြောင့် သိရှိလာရပြီဖြစ်ပါတယ်။

 

ဒါကြောင့် ခုခေတ်မှာ ယောင်္ကျားတွေဟာ မိန်းမတွေထက် ဝိတ်မြန်မြန်ပိုချနိုင်တယ်ဆိုပြီး ယုံကြည်နေဖို့ မလိုအပ်ပါဘူး။ ယောင်္ကျားတွေဟာ မိန်းမတွေထက် အဆီတွေကို ပိုမိုလောင်ကျွမ်းနိုင်တာသာဖြစ်ပြီး ပိုမိုလျင်မြန်စွာ ကိုယ်အလေးချိန်ကို လျှော့ချနိုင်တာမျိုးတော့မဟုတ်ပါဘူး။

 

တကယ်တော့ ကိုယ်အလေးချိန်လျှော့ချတယ်ဆိုတာဟာ လူတစ်ဦးချင်းစီရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့သာ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စမျိုးဖြစ်ပြီးတော့ မှန်ကန်တဲ့နည်းလမ်းနဲ့ ချဉ်းကပ်အားထုတ်မယ်ဆိုရင် ယောင်္ကျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ်အလေးချိန်ကို မှန်ကန်စွာ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဘယ်သူပိုမြန်လဲဆိုတာကို တွေးနေဖို့မလိုအပ်ပါဘူးနော်။ ကိုယ်လိုချင်တဲ့ ကိုယ်အလေးချိန် ခန္ဓာကိုယ်အချိုးအစားမျိုးရဖို့သာ အဓိကဖြစ်ပါကြောင်း။

 

ရေးသားသူ Ye Zon Aung ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”