နေပြည်တော် နိုဝင်ဘာ ၇

 

အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဘဏ္ဍာရေးဆပ်ကော်မတီ၏ (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၌ ကျင်းပသည်။

 

အစည်းအဝေးတွင်  ကော်မတီဥက္ကဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က မြန်မာနိုင်ငံအတွင်း ယာဉ်မတော်တဆထိခိုက်မှု အန္တရာယ်ကြောင့် ပြည်သူတို့၏အသက်နှင့် လူမှုစီးပွားဘဝ ဆုံးရှုံးမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ၊ ယာဉ်ကြောင့်ဖြစ်ပေါ်သော သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းကျဆင်းလာစေရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် “အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ (National Road Safety Council – NRSC)” ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ကောင်စီ၏ လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ဆပ်ကော်မတီ (၄) ခု ဖွဲ့စည်း ဆောင်ရွက်လျက် ရှိပါကြောင်း။

 

ယာဉ်အန္တရာယ်ကင်းရှင်းရေးရန်ပုံငွေ မထူထောင်နိုင်သေးမီကာလအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သက်ဆိုင် ရာဝန်ကြီးဌာနများ အနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များအတွက် သင့်လျော်သည့် အသုံးစရိတ် ပမာဏကို မိမိတို့ဆောင်ရွက်ရမည့်ကဏ္ဍအလိုက် ဘတ်ဂျက်တွင် ထည့်သွင်းလျာထား၍ ဆောင်ရွက်ပေး လျက်ရှိကြောင်း။

 

ယနေ့အစည်းအဝေးတွင် ရန်ပုံငွေထူထောင်နိုင်မည့်နည်းလမ်းများ၊ ရန်ပုံငွေရရှိနိုင်မည့် နည်းလမ်းများ၊ ရန်ပုံငွေများကို စနစ်တကျထိရောက်စွာသုံးစွဲနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်မည့် နည်းလမ်းများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သူများကိုတပ်ရိုက်သည့် ဒဏ်ကြေးငွေများကို ရငွေစာရင်းသို့ ထည့်သွင်းခြင်းကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြား သည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး၊ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)