ကော့ကရိတ် ၂၁ မေ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ အမျိုးသမီးစွမ်းရည် မြှင့်တင်ရေးအဖွဲ့နှင့် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့တို့ ပူးပေါင်း၍ ဒေသတွင်း အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရာတွင် ကျားမရေးရာ တန်းတူအခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ရည်ရွယ်၍ အမျိုးသမီးများ အကြမ်းဖက်ခံရမှုအပေါ် ဥပဒေလက်လှမ်းမီမှုများနှင့် ဝန်ဆောင်မှုဆိုင်ရာ အသိပညာပေးစီမံကိန်း မိတ်ဆက်ပွဲကို ယမန်နေ့နံနက်၉နာရီက ကော့ကရိတ်ခရိုင် ပြန်ဆက်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre တွင်ကျင်းပသည်။
ရှေးဦးစွာ စီမံကိန်းအဖွဲ့တာဝန်ခံ ဒေါ်ဝင်းဝင်းဌေးက ဆောင်ရွက်သွားမည့် စီမံကိန်းနှင့် ပတ်သက်၍ မိတ်ဆက်ပြောကြားရာတွင် ကျေးရွာတွင် အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေး၊ အမျိုးသမီးများ အကြမ်းဖက်မှုအပေါ် ဥပဒေရေးရာ လက်လှမ်းမီရရှိစေရေး၊ ဥပဒေရေးရာများ ရှင်းလင်းပြောဆိုရေးနှင့် အမျိုးသမီးအကြမ်းဖက်မှု လျှော့ချရေး ခေါင်းဆောင်မှု အမြင်ဖွင့်သင်တန်းအား ကျေးရွာတွင် ပို့ချသွားမည်ဖြစ်ရာ ဌာနဆိုင်ရာများနှင့် ကျေးရွာတာဝန်ရှိသူများမှ စီမံကိန်းနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ထိုနောက် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ခင်ဝင်းကကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆောင်ရွက်ချက်များကိုလည်းကောင်း၊ခရိုင်ပြန်ဆက်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းရှိန်က ပြည်သူ့အသိပညာပေးလုပ်ဆောင်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ကျေးရွာပြည်သူများမှ ကျေးရွာများတွင် ကလေးသူငယ် ဥပဒေအခွင့်အရေး၊ အမျိုးသမီးများ ကျန်းမာရေးနှင့်ပတ်သက်၍သင်တန်းများပို့ချ၊ ပြောကြားပေးရေးနှင့် သက်ငယ်မုဒိမ်း၊အမျိုးသမီးအကြမ်းဖက်မှုအပေါ် အကြံပြုသုံးသပ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စီမံကိန်းမိတ်ဆက်ပွဲသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥပဒေ၊ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ဆက်ဦးစီးဌာန၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ညီညာသာလင်းကျေးရွာ၊ လေးတိုင်ကျေးရွာ၊နွားခြံကုန်းကျေးရွာ၊ အင်းကြီးကျေးရွာ၊ ရသေ့တောင်ကျေးရွာတို့မှ ကျေးရွာပြည်သူများ တက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)