ကော့သောင်း ၂ ဒီဇင်ဘာ
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး(၁၆)ရက်တာ လှုပ်ရှားမှု အသိပညာပေး ကမ်ပိန်းလုပ်ငန်းများကို ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်(၈)နာရီက ကော့သောင်းခရိုင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းကာ ကော့သောင်းမြို့ လူအသွားအလာများပြားရာ နေရာများတွင် လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။
ဆောင်ရွက်ရာတွင် မြို့အချက်အချာ အသွားအလာများပြားရာကမ်းနားလမ်း၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံ၊နာရီစင်လမ်းဆုံ၊ ရွှေဟင်္သာရပ်ကွက်လမ်းဆုံနှင့် ရွှေမင်းဝံဗဟိုလမ်းတို့တွင် ကမ္ဘာနှင့်အဝန်း ဖြစ်ပေါ်လျက်ရှိသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်စဉ်များကို တားဆီးတိုက်ဖျက် ကာကွယ်နိုင်ရေး အသိပးစာတမ်းများ ကိုင်ဆောင် အသိပညာပေးခြင်း၊ လမ်းများပေါ် သွားလာလျက်ရှိသည့် ယာဉ်များအား အသိပညာပေး စတေကာကပ် အသိပေးခြင်း၊ ပညာပေးလက်ကမ်း စာစောင်ဝေငှခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးပါးစပ်နှာခေါင်းစည်း ဝေငှတပ်ဆင်ပေးခြင်းနှင့် ကျန်းမာရေးအသိ သတိရှိကြရေး နှိုးဆော်အသိပေးခြင်း စသည့် ပညာပေး ကမ်ပိန်းလုပ်ငန်းများကို ကော့သောင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီနှင့် မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းကာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ယခုကဲ့သို့ COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း နိုင်ငံအသီးသီးတွင် အိမ်တွင်းအကြမ်းဖက်ခံရမှုများ ပိုမိုမြင့်တက်လာသည့်အလျောက် မြန်မာနိုင်ငံတွင်လည်း သိသာထူးခြားစွာ မြင့်တက်လျက်ရှိကြောင်း အထူးသဖြင့် အမျိုးသမီးများအပေါ်ကျူးလွန်သော အကြမ်းဖက်မှုအားလုံး၏ သုံးပုံနှစ်ပုံခန့်သည် အိမ်တွင်းအကြမ်းဖက်မှုများ ဖြစ်ကြောင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဥပဒေမူကြမ်းကို အစိုးရက ယခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် အများပြည်သူ သိရှိစေရန်ထုတ်ပြန်ကြေညာခဲ့ပြီး လက်ရှိအချိန်ထိ လွှတ်တော်တစ်ရပ်ရပ်တွင် ဆွေးနွေးရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသည့် နိုဝင်ဘာလ ၂၅ ရက် နေ့ က စတင်ကာ လာမည့် ဒီဇင်ဘာလ ၁၀ ရက် လူ့အခွင့်အရေးနေ့ အထိ (၁၆)ရက်တာကာလအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး လှုပ်ရှားမှုများ ကမ္ဘာတဝန်း ပြုလုပ်နေကြကြောင်းလည်း သိရသည်။
ကျော်စိုး (ကော့သောင်း)


