နေပြည်တော် ၂၅ သြဂုတ်

မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသော အမျိုးသမီးများတွင် အဖြစ်များလျက်ရှိသည့် သားမြတ်ကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ရှိ ဟိုတယ် မက်စ်၌ ကျင်းပသည်။

 

3

 

ဟောပြောပွဲတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ဇင်က အဖွင့်အမှာစကား ပြောကြားပြီး ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကင်ဆာရောဂါအထူးကု ပါမောက္ခ သမားတော်ကြီး ဒေါက်တာ ဒေါ်ယဉ်ယဉ်ထွန်းက သားမြတ်ကင်ဆာအကြောင်းဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ ဒုတိယ ဥက္ကဋ္ဌ မီးယပ်သားဖွား အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဒေါ်ယဉ်ယဉ်ဇော်က သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးကြသည်။

ယင်းနောက် သားမြတ်ကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်နိုင်ရေးနှင့် အချိန်မီသိရှိပြီး ကုသမှုများဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး မေးခွန်းများမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းများကို ဆောင်ရွက်ကြသည်။

ထို့နောက် ဟိုတယ်မက်စ် အုပ်ချုပ်မှုမန်နေဂျာ ဒေါ်သက်သက်နွယ်က ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ပေးခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားပြီး ဟောပြောဆွေးနွေးပေးခဲ့ကြသည့် ပါမောက္ခ ဆရာဝန်ကြီးများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များ၊ နေပြည်တော်ကောင်စီနယ်မြေရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များရှိ အမျိုးသမီးရေးရာအဖွဲ့ အလုပ်အမှုဆောင်များ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းများမှ အလုပ်အမှုဆောင်များ၊ ဟိုတယ်မက်စ်နှင့် ဟိုတယ်ဇုန်ရှိ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(ရွှေကုက္ကို)