အမ်း ၁၈ မေ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်ပြည်သူ့ဆေးရုံ၌ အမွှာညီအစ်မသုံးယောက်အား မေ ၁၆ ရက် ညနေ ၄ နာရီ ၂၃ မိနစ်အချိန်တွင် သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာလဲ့လဲ့ထွန်းနှင့် သူနာပြုဆရာမများက ကျန်းမာရေးကောင်းမွန်စွာ ခွဲစိတ်ကုသမွေးဖွားပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အမွှာညီအစ်မသုံးယောက်အား ဒါးလက်အုပ်စု၊ နတ်မော်ကျေးရွာတွင်နေထိုင်ကြသည့် ဦးထွန်းထွန်းအောင်နှင့် ဇနီးဖြစ်သူဒေါ်သီသီဟိန်း အသက်(၃၁)နှစ်တို့မှ စတုတ္ထမြောက်သမီးများအဖြစ် မွေးဖွားကြောင်း၊ ပထမကလေးအား ညနေ (၄ : ၂၃ )အချိန်တွင် ငါးပေါင်ခွဲနှင့် ဒုတိယကလေးကို (၄ : ၂၄ ) အချိန် ငါးပေါင်ခွဲဖြင့်လည်းကောင်း၊ တတိယကလေးအား(၄ : ၂၅ )အချိန် သုံးပေါင်ခွဲဖြင့် ကျန်းမာရေး ကောင်းမွန်စွာ မွေးဖွားခဲ့သည်။
၎င်းကလေးငယ်များအတွက် အမ်းမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် ကလေးအသုံးအဆောင်ပစ္စည်းများအား ထောက်ပံ့ပေးခဲ့ ကြောင်းနှင့် လူမှုရေးအသင်းအဖွဲ့များမှလည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။
MDN