နေပြည်တော် ၁၆ စက်တင်ဘာ

အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီမှ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်မှုမရှိစေရေး အမြန်လမ်းအသုံးပြုသူ မော်တော်ယာဉ်များအတွက် အိမ်စီးကားများ ကီလို(၁၀၀)၊ ခရီးသည်တင် Express ကားများ ကီလို(၉၀)၊ ဝန်ပေါ့ကုန်တင်ယာဉ် ကီလို(၆၀) စသည်ဖြင့် သတ်မှတ်ထားရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်း အမြန်လမ်းအသုံးပြုသူ မော်တော်ယာဉ်များတွင် သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်ပြီး ကီလိုကျော်မောင်းနှင်မှု (၃၈၆၁)မှု ရှိသည့်အနက် အိမ်စီးကားများ ကီလိုကျော်မောင်းနှင်မှု အများဆုံးရှိသည်ဟု သိရှိရသည်။

COVID-19 ကာလ ညမထွက်ရ ကန့်သတ်ချက်များ ရှိနေသည့်အတွက် အမြန်လမ်းအသုံးပြုသည့် မော်တော်ယာဉ်များ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်မှုများ မရှိစေရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့က အထူးကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိနေသည်ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး မျိုးလင်းသန့်က ပြောသည်။

အမြန်လမ်းမကြီးတစ်လျှောက် ရဲစခန်း (၁၆)စခန်း ရှိသည့်အနာက် ရဲစခန်း(၁၁)ခုတွင် ကီလိုကျော်မောင်းနှင်မှုကို ဖမ်းယူစက်များဖြင့် မှတ်တမ်းယူဖမ်းဆီးလျက်ရှိရာ ဖမ်းယူမှုမှတ်တမ်းများအရ ဇန်နဝါရီလမှ စက်တင်ဘာ ၁၄ ရက်အထိ မော်တော်ဆိုင်ကယ် ကီလိုကျော်မောင်းနှင်မှု (၅၄)မှု၊ အိမ်စီးမော်တော်ယာဉ် ကီလိုကျော်မောင်းနှင်မှု (၁၉၉)မှု၊ ခရီးသည်တင်ယာဉ် Express ကီလိုကျော်မောင်းနှင်မှု (၂၃)မှု၊ ကုန်တင်ယာဉ် ကီလိုကျော်မောင်းနှင်မှု (၃၂)မှုနှင့် ယာဉ်အဆင်မခြင်မောင်နှင်မှု (၁၁)မှုရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း အရှိန်ထိန်းဖမ်းဆီးအရေးယူမှု စုစုပေါင်း (၃၈၆၁)မှု ရှိသည်ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အမြန်လမ်းမကြီးတစ်လျှောက် တိုးဂိတ်အဝင်/အထွက် စာရင်းအရေအတွက်အရ အမြန်လမ်းမကြီး အသုံးပြုသွားလာနေသည့် မော်တော်ယာဉ်အရေအတွက် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ယာဉ်အစီးအရေ ၅၀၀၀ မှ ၁၀၀၀၀ ကျော်အထိ လမ်းအသုံးပြုမှုရှိသည်ဟု သိရှိရသည်။

#MRTV