မန္တလေး ၁၅ စက်တင်ဘာ

မန္တလေးမြို့ အမရပူရမြို့နယ်တွင် ဆည်တော်ကြီးဆည်ရေမှ ပေးလွတ်သောရေဖြင့် မိုးစပါး(၁၁၆၅၀)ဧက လျာထားစိုက်ပျိုးခဲ့ရာ စိုက်ဧက ရာနှုန်းပြည့်နီးပါး စိုက်ပျိုးပြီးစီးကာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ 

ယခုနှစ် မိုးစပါးစိုက်ပျိုးမှုတွင် ပျိုးထောင်ခြင်းလုပ်ငန်းကို ဇူလလိုင်တွင် ပြုလုပ်ကာ သြဂုတ်လဆန်းပိုင်းမှ စတင်၍ လယ်စိုက်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ကြသည်။ မိုးစပါးစိုက်ပျိုးရာတွင် ဧရာမင်းစပါးမျိုးများကို အများစုစိုက်ပျိုးကြကြောင်း တမုဆိုးကျေးရွာ စပါးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

မန္တလေးမြို့ အမရပူရမြို့နယ်တွင် လယ်မြေ၊ ယာမြေ၊ ကိုင်း/ကျွန်း၊ ဥယျဉ်မြေများ မြေယာအသုံးချမှု စာရင်းအရ ၅၁၂၆၈ ဧကရှိသည်။ ဆည်တော်ကြီးဆည်ရေမှ ပေးလွတ်သောရေဖြင့် မိုးစပါး   (၁၁၆၅၀)ဧက လျာထားစိုက်ပျိုးခဲ့သည်။ မိုးစပါးစိုက်ပျိုးမှုတွင် မျိုးစေ့ထုတ်ဧကပေါင်း (၇၄၀)ဧက စိုက်ပျိုးခဲ့ပြီး CERP အစီအစဉ်ဖြင့် စိုက်ပျိုးသော မျိုးစေ့ထုတ်စိုက်ခင်း တစ်ဧကလျှင် ထောက်ပံ့ငွေကျပ် ၁၅၀၅၀၀ ထောက်ပံ့ပေးခဲ့သည်။

ပြီးခဲ့သည့်နွေရာသီတွင် နွေစပါးစိုက်ဧက ၇၄၈၀ ဧကနှင့် နှမ်း(၄၈၀၀)ဧကကို ရာနှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကလျှင် စပါးတင်း (၁၀၀)ကျော် ထွက်ရှိခဲ့သည်။ လက်ရှိကာလ မိုးစပါး စိုက်ပျိုးမှုတွင် အမရပူရမြို့နယ်  စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်များ တောင်သူလက်ဝယ်ရောက်ရှိရေး GAP စနစ်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက် ကူညီပေးလျက်ရှိသည်။ အမရပူရမြို့နယ်အတွင်းတွင် စိုက်ပျိုးရေး အောင်မြင်ဖြစ်ထွန်းကာ အထွက်တိုးရန်အတွက် ဒေါင်းရွေးနည်းပညာပေးစင်တာ၊ နတ်ရေကန်နည်းပညာပေးစင်တာ၊ တမုဆိုးနည်းပညာပေးစင်တာ၊ ဆင်ရွာမြင်းမှုနည်းပညာပေး စင်တာများအဖြစ်  နည်းပညာပေး စင်တာလေးခု ထားရှိဆောင်ရွက်လျက်ရှိရာ တောင်သူများကလည်း စိတ်ဝင်တစား ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိမ်တမန်