နေပြည်တော် ဒီဇင်ဘာ ၂၈
အနော်ရထာတံတား(ချောက်) ရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် အစုန်ရေလမ်းကြောင်းကို ရေလယ်တိုင်အမှတ် (၅)နှင့်(၆)အကြားမှ လည်းကောင်း၊ အဆန်ရေလမ်းကြောင်းကို ရေလယ်တိုင်အမှတ် (၄)နှင့်(၅)အကြားမှ လည်းကောင်း သတ်မှတ်ပေးထားပါသည်။ ယခုအခါ ရေကြောင်းရေလမ်း အခြေအနေအရ တံတားရေလမ်းကြောင်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစ၍ အစုန်ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ်(၄)နှင့် (၅)အကြားမှ လည်းကောင်း၊ အဆန်ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ်(၃)နှင့် (၄)အကြားမှလည်းကောင်း ပြောင်းလဲဖွင့်လှစ်မည်ဖြစ်သည်။
ပြောင်းလဲမည့် ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ မီတာ(၁၁၀)ရှိပြီး၊ ကင်းလွတ်အမြင့်မှာ အမြင့်ဆုံး ရေမျက်နှာပြင်အထက် (၁၇)မီတာရှိသည်။ ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင် တြိဂံအမှတ်အသားပြသ၍၊ ညအခါ မီးစိမ်းထွန်း ပြသထားပါမည်။ မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင် ကြက်ခြေခတ်အမှတ်အသား ပြသ၍ ညအခါမီးနီထွန်းပြသထားမည်။
တံတားတိုင်များ၏ အောက်ခြေပိုင်တိုင် အုတ်ခုံမှာ ရေလယ်တိုင်များ၏ တစ်ဖက်တစ်ချက်တွင် (၁၅)ပေခန့် ထိုးထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင်(၂)ခုအကြားမှ ယှဉ်ပြိုင် ခုတ်မောင်းခြင်း မပြုရန်နှင့် တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်အပြင် အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရေလမ်းသတိပေး နှိုးဆော်ချက်သတင်း ထုတ်ပြန်ထားသည်။
သတင်းစဉ်


