ရန်ကုန် ဧပြီ ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ် လွှတ်ငြိမ်းခွင့် အမိန့်ဖြင့် အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/ သူ များအနက် အကျဉ်းသား(၁၅၄)ဦး၊ အကျဉ်းသူ (၆)ဦး၊ ပေါင်း(၁၆၀) တို့ကို ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ရာ ယနေ့ နံနက် ၁၁ နာရီခန့်တွင် စနစ်တကျ ပြန်လွှတ်ပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာ ခွင့်ဖြင့် အကျဉ်းသား/သူများကို လွှတ်ပေး သည့် အခမ်းအနားကို အင်းစိန်ဗဟို အကျဉ်းထောင်ဝန်း မိုးလုံလေလုံ အားကစားရုံခန်းမ တွင် ယနေ့ နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားသို့ အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်း ဒေသ ကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဦး၊ အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းအောင်၊ ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး တင်ထွန်းနှင့် မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် အကျဉ်းထောင် အရာထမ်း/ အမှုထမ်း များ တက်ရောက်ခကြသည်။ 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဦးနှင့် ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထွန်းတို့က လွတ်မြောက်သည့် အကျဉ်းသား/သူများကို ဆုံးမဩဝါဒစကားပြောကြားကာ အကျဉ်းသား/သူများကို ထောင် လွတ် လက်မှတ်၊ စားစရိတ်၊ ခရီးစရိတ်နှင့် လုပ်အားခငွေများ ပေးအပ်ကာ သက်ဆိုင်ရာ မြို့နယ်အလိုက် YBS မော်တော်ယာဉ်များဖြင့် လိုက်လံပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)