ရန်ကုန် ၁၇ ဩဂုတ်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရွာမအနောက်ရပ်ကွက် နယ်မြေ(၅)ရှိ ကွန်ကရစ်တံတား အမှတ်(၁) နှင့် (၂)အား ယမန်နေ့ နံနက် ၇ နာရီက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါတံတား ၂ စင်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မြို့တော်စည်ပင်သာယာရေးကော်မတီ ရန်ပုံငွေဖြင့် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးလမ်းတံတား တာဝန်ခံ ဦးသန်းဦးမှ တာဝန်ယူတည်ဆောက်ပြီးစီးခဲ့ခြင်း ဖြစ်သည်။ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက် နယ်မြေ(၅)ရှိ သံကူကွန်ကရစ်တံတား အမှတ်(၁)မှာ အရှည်ပေ (၅၀)၊ အကျယ် (၁၀) ပေရှိပြီး အမှတ်(၂)မှာ အရှည် (၅၅) ပေ၊ အကျယ် (၁၄)ပေရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)