ရန်ကုန် ၂၁ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ တညင်းကုန်း ကုန်စိမ်း ဈေးသစ်ကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် နှာခေါင်းစည်းများ တပ်ဆင်ထားမှု ရှိ/မရှိ စစ်ဆေးပြီး နှာခေါင်းစည်းများ ဝေငှခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အင်းစိန်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ ဦးသိန်းသန်းနှင့် အတွင်းရေးမှူး EO ဦးဝင်းနိုင်၊ ဈေးများဌာန မြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်စန်း၊ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးသန်းစိုး၊ ဈေးတာဝန်ခံများနှင့် တာဝန်ရှိသူများက တညင်းကုန်း ကုန်စိမ်းဈေးသစ်ကြီး ဈေးရုံ(၁၊ ၂၊ ၃)သို့ သွားရောက်၍ ဈေးအုပ်ချုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ GM ဦးအောင်နိုင်မိုးနှင့်ဈေးဝန်ထမ်းများ၊ Super Sanday ပရဟိတအဖွဲ့သားများနှင့် ပူးပေါင်းပြီး ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် နှာခေါင်းစည်းများ တပ်ဆင်ထားမှု ရှိ/မရှိကို လိုက်လံစစ်ဆေးခဲ့ပြီး နှာခေါင်းစည်းများကို ဝေငှခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)