ရန်ကုန် ၆ ဩဂုတ်
ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် နိုင်ငံသူ၊ နိုင်ငံသားတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ဇူလိုင် ၂၅ ရက်နေ့မှ စတင်၍ ဩဂုတ် ၇ ရက်နေ့အထိ (၁၄) ရက်ကြာ အင်းစိန်မြို့နယ် အတွင်းရှိ ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်ရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် အမည်စာရင်းများကို ထုတ်ပြန်ကြေညာထားလျက်ရှိရာ ဒေသခံပြည်သူများ မဲစာရင်းများကို လာရောက်ကြည့်ရှုလျက်ရှိသည်။
အင်းစိန်မြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်၌ ပထမအကြိမ် ပြုစုထားသော မဲစာရင်းအရ မဲဆန္ဒရှင် အမျိုးသားနှင့် အမျိုးသမီးဦးရေ စုစုပေါင်း(၂၂၂၉၉၂)ဦး ရှိပြီး မဲရုံပေါင်း(၁၈၈)ရုံ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်အမည်စာရင်းများကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ပထမအကြိမ် ကပ်ထားကြေညာထားခြင်းကို မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်လင်းနှင့်အဖွဲ့ဝင်များက ယနေ့ နံနက် ၁၀ နာရီအချိန်က အင်းစိန်မြို့နယ် အတွင်းရှိ ရပ်ကွက်များသို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာကြောင်း အသိပေးနှိုးဆော်ထားမှု ရှိ/မရှိ၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊မဲဆန္ဒရှင်အမည်စာရင်းများတွင် မိမိအမည် မပါရှိခြင်း၊ အချက်အလက်များ ကွဲလွဲမှုရှိခြင်း၊ ပြင်ဆင်ကန့်ကွက်လိုခြင်းတို့အတွက် ပုံစံ(၃)၊ (၄)နှင့် (၄-ဂ)စသည့် သတ်မှတ်ပုံစံများ ပြည်စုံစွာ ဖြည့်စွက်၍ တင်ပြထားမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
အင်းစိန်မြို့နယ်၌ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများက ပေးပို့လာသော စာရင်းများအရ ဩဂုတ် ၅ ရက်နေ့အထိ မဲစာရင်း လာရောက်ကြည့်ရှုသူပေါင်း(၁၅၀၀၀)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၇.၁) ဖြစ်ပြီး မိမိအမည်စာရင်း မပါရှိ၍ ပုံစံ(၃)ဖြင့် ဖြည့်စွက်လျှောက်ထားသူများ၊ မပါဝင်သင့်သူများ ပါဝင်နေခြင်းအား ကန့်ကွက်သည့်ပုံစံ(၄)ဖြင့် ဖြည့်စွက်တင်ပြလာသူများ၊ အမှားပြင်ဆင် ရန် ပုံစံ(၄-ဂ)ဖြင့် ဖြည့်စွက် တင်ပြလာသူများ တင်ပြလျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်တွင် ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်၌ မဲရုံပေါင်း(၁၈၈)ရုံ ဆောင်ရွက်လျာထားထားရှိပြီး မဲဆန္ဒရှင် အမည်စာရင်း (၂၂၂၉၉၂)ဦးကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ် ၇ ရက်နေ့အထိ (၁၄) ရက်ကြာ နံနက် ၇ နာရီအချိန်မှ ည ၉ နာရီ အချိန်အထိ ကပ်ထားကြေညာထားရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)