ဇွန် ၁၂

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းရှိ မီးတောင်သုံးလုံးသည် ယနေ့နံနက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မီးတောင် ပြာများ မီတာ ၅၀၀ အထိ လေထုအတွင်းသို့ လွင့်စင်ခဲ့ကြောင်း စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီးဌာန၏ ဘူမိဗေဒအေဂျင်စီက ပြောကြားခဲ့သည်။

အဆိုပါပေါက်ကွဲမှုများသည် မြောက်ဟယ်မာဟီရာရှိ ဒူကိုနိုတောင်၊ အရှေ့ဖလော်ရက်စ်ရှိ လီဝိုတိုဘီ လာကီ-လာကီတောင်နှင့် အနောက်ဟယ်မာဟီရာရှိအီဘူတောင်တို့တွင် အချိန်တိုအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထိုအေဂျင်စီ၏ပြောကြားချက်အရ သိရသည်။

ဒူကိုနိုတောင်သည် ၎င်း၏မီးတောင်ဝအထက် မီတာ ၅၀၀ ခန့်တွင် ထူထပ်သောပြာများကို ထုတ်လွှတ်ပြီး တောင်လီဝိုတိုဘီ လာကီ-လာကီတောင်သည် ၎င်း၏ထိပ်ဖျားအထက် မီတာ ၄၀၀ ခန့်တွင် ပြာများကို ထုတ်လွှတ်ခဲ့ပြီး အီဘူတောင်သည် အနောက်ဘက်သို့ လွင့်မျောနေသော မီတာ ၄၀၀ အမြင့်ရှိ ပြာများကို ထုတ်လွှတ်ခဲ့ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။

မီးတောင်သတိပေးချက်အခြေအနေနှင့်ပတ်သက်၍ အာဏာပိုင်များက လီဝိုတိုဘီ လာကီ-လာကီကို နိုင်ငံ၏ ဒုတိယအမြင့်ဆုံးသတိပေးချက်အဆင့်ဖြစ်သော အဆင့် သုံးသတိပေးချက်၊ အီဘူနှင့် ဒူကိုနိုတောင်တို့ကို အဆင့် နှစ် သတိပေးချက်တွင်  ထားရှိကြောင်း ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ် မီးကွင်း ပေါ်တွင် တည်ရှိပြီး မီးတောင်ရှင် ၁၂၀ ကျော် တည်ရှိရာနေရာဖြစ်ပြီး ကမ္ဘာပေါ်တွင် မီးတောင်လှုပ်ရှားမှုအများဆုံး နိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို