နေပြည်တော် ၈ ဇွန်
နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများအတွက် အင်္ဂလိပ်စာ ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၃) ကြိုဆိုပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ၊ အဆင့်မြင့် ပညာဦးစီးဌာန မြေညီထပ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ ဆရာမများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများစွမ်းရည်မြင့်မားစေရေး အထောက်အကူ ဖြစ်စေရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြာင်း၊ သီတင်း(၁၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည့် အင်္ဂလိပ်စာဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၃)ကို တက်ရောက်လာကြသည့် နေပြည်တော်ရှိ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဖွဲ့အစည်း(၂၅)ခုမှ သင်တန်းသား သင်တန်းသူ အရာထမ်း(၁၀၄)ဦး၊ အမှုထမ်း(၁၀၄)ဦးတို့အား လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ သင်တန်း အမှတ်စဉ်(၂)ကို အရာထမ်း(၇၀)၊ အမှုထမ်း(၅၅)ဦးတို့ဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး အင်္ဂလိပ်စာ ကျွမ်းကျင်မှုလက်မှတ် (Certificate of English Language Proficiency)အား မေ(၂၉)ရက်က ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့အချိန်အခါသည် နိုင်ငံတော်အ နေဖြင့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်လာစေရန် ပြည်သူနဲ့အတူလက်တွဲ ကြိုးပမ်းနေချိန် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်းအကျုံးဝင်သော အရည်အသွေး မြင့်ပညာရေးနှင့် လူတိုင်းအတွက် တစ်သက်တာသင်ယူမှု အခွင့်အလမ်း ကောင်းများကို ဖန်တီးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုသင်တန်းသည် သင်တန်းသားသင်တန်းသူများအား အင်္ဂလိပ်ဘာသာ စကား လေ့လာသူများဖြစ်လာအောင်၊ မိမိအလုပ်အကိုင်တိုးတက်မှု အခွင့်အလမ်းရှာဖွေသူများ ဖြစ်လာအောင် ပြောင်းလဲပေး နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
အခမ်းအနားအပြီးတွင် သင်တန်းသားသင်တန်းသူများနှင့် အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကြသည်။သင်တန်းအမှတ်စဉ်(၃)ကို ဇူလိုင် ၂၈ ရက် အထိ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)