အင်္ဂပူ၊ ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကွင်းအမှတ်(၆၂၆)၊ ဦးပိုင်အမှတ်(၅၃/၃)ရှိ တောင်သူ ဦးဖြိုးဝင်လှိုင်၏ လယ်မြေ(၆)ဧကတွင် နွေစပါးတိုက်ရိုက်မျိုးစေ့ချ တိုက်ရိုက်စိုက်ပျိုးပွဲပြုကို ယမန်နေ့ ညနေပိုင်းကပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများက ပခန်းရွှေဝါ နွေစပါးမျိုးစေ့ချစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့၊ အမှတ်(၂)ရပ်ကွက် ရွှေတောင်တန်းလမ်းတွင် ပြုလုပ်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေတောင်တန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ကွန်ကရစ်လမ်းသစ်အား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား ဖြတ်သန်းကြည့်ရှု အားပေးခဲ့ကြသည်။
အင်္ဂပူမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေတောင်တန်းလမ်း ကွန်ကရစ်ခင်းခြင်း လမ်းအရှည် (၇၅၀)ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်(၆)လက်မရှိ လုပ်ငန်းအား အင်္ဂပူမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါခေါ်ယူပြီး ကုန်ကျငွေကျပ် ၂၆ ဒသမ ၆၅၀ သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)