နေပြည်တော် ၂၅ မေ

အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို မိုဘိုင်းပေးမင့် (Mobile Payment) များ အသုံးပြု၍ လွယ်ကူသက်သာစွာ ထုတ်ယူနိုင်ပြီး ဘဏ်ခွဲ(၂၈၁) ခုတွင် Myanmar Mobile Money ဖြင့်လည်း ထုတ်ယူနိုင်ကြောင်း သိရသည်။

“မိဘပြည်သူပင်စင်စားတွေအနေနဲ့  လတစ်လရဲ့ ၂၁ ရက်နေ့ရောက်တိုင်း ဘဏ်တွေမှာ တန်းစီတိုးရတဲ့ ပြသနာတွေရှိတယ်။ တချို့ သက်ကြီးရွယ်အို ပင်စင်စားကြီးတွေ တခါတလေမူးလဲတဲ့ ဖြစ်ရပ်မျိုးတွေရှိတယ်။ ကျွန်မတို့ ပင်စင်ဦးစီးဌာနအနေနဲ့ ပင်စင်လစာထုတ်ဖို့ ငွေပေးမိန့်တွေ ထုတ်ပြန်ပေးတဲ့ ဌာနသာဖြစ်ပါတယ်။ ပင်စင်ဦးစီးဌာန အနေနဲ့ ပင်စင်စား အငြိမ်းစား နိုင်ငံ့ဝန်ထမ်းတွေဆီကို ပင်စင်လစာ တိုက်ရိုက်ထုတ်ပေးတဲ့ အခွင့်အာဏာမရှိပါဘူး။ မိဘပြည်သူ ပင်စင်စားတွေကို ငွေပြန်လည် ထုတ်ပေးတာကတော့  မြန်မာ့စီးပွားရေးဘဏ်ကတစ်ဆင့် ထုတ်ပေးတာဖြစ်ပါတယ်။ ပင်စင်လစာကို လကုန်မှ ထုတ်ပေးတာ မဟုတ်ဘဲ လတစ်လရဲ့ ၂၁ ရက်နေ့မှာ စတင်ထုတ်ပေးလေ့ရှိပါတယ်။ ၂၁ ရက်နေ့မှာပဲ စုပြုံထုတ်ရင်တော့ လူများပြီး တန်းစီရတဲ့ ကိစ္စတွေရှိပါတယ်” ဟု ပင်စင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်က ပြောကြားသည်။

အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို လစဉ် (၂၁) ရက်နေ့နောက်ပိုင်း ဘဏ်ဖွင့်ချိန်တိုင်း နေ့စဉ် ထုတ်ယူနိုင်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစာရင်းဖွင့်ကာ ယင်းငွေစာရင်းထဲသို့ ပင်စာလစာ ထည့်သွင်းပေးသည့်အတွက် ဘဏ်ဖွင့်ချိန်တိုင်းလည်း ထုတ်ယူနိုင်သကဲ့သို့ ATM ကဒ်ပြုလုပ်ပြီး နီးစပ်ရာ မြန်မာ့စီးပွားရေးဘဏ်၏ ATM စက်များတွင်လည်း ထုတ်ယူနိုင်ကြောင်း သိရသည်။

“Wave Money နဲ့လည်း ထုတ်ယူနေကြတာမျိုးလည်း ရှိပါတယ်။ လက်ရှိမှာ ဘဏ်ခွဲ(၁)၊ ရန်ကုန် အင်းစိန်ဘဏ်ခွဲ၊ တာမွေဘဏ်ခွဲ၊ သင်္ဃန်းကျွန်းဘဏ်ခွဲ၊ ကမာရွတ်ဘဏ်ခွဲ၊ မြောက်ဥက္ကလာပ ဘဏ်ခွဲ၊ မြောက်ဒဂုံဘဏ်ခွဲနဲ့ လှည်းကူးဘဏ်တွေမှာ ပင်စင်စား အငြိမ်းစား ဝန်ထမ်းတွေ ထုတ်ယူနေကြပါတယ်။ မိဘပြည်သူ ပင်စင်စားတွေရဲ့ အားပေးမှုအပေါ် မူတည်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။  ငွေလွှဲခ အနေနဲ့တော့ ၃၀ဝ ကျပ် (သုံးရာကျပ်) ကျခံရမှာ ဖြစ်ပါတယ်။ အချိန်ကုန် လူပင်ပန်းတာနဲ့ စာရင်တော့ ၃၀ဝ ကျပ်ပေးရတာ တန်တယ်လို့ ထင်ပါတယ်”

“ ဒါပေမယ့် ပင်စင်ဦးစီးဌာနအနေနဲ့ သက်ဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်း မိုဘိုင်းပေးမင့် (Mobile Payment) တွေကို ကြော်ငြာပေးနေတာ မဟုတ်ပါဘူး။ ကျွန်မတို့ ဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ်ထဲမှာ ငွေရေးကြေးရေး အလုံးစုံ ပါဝင်နိုင်မှု (Financial Inclusion)၊ ငွေရေးကြေးရေး အသိပညာ (Financial Literacy) ကို မြှင့်တင်ရမယ့် လုပ်ငန်းစဉ် တစ်ရပ်ပါဝင်ပါတယ်။ နိုင်ငံသားတွေဟာ ဘဏ်စနစ်ကို အသုံးပြုပြီးတော့ ငွေသားအသုံးပြုမှု လျော့နည်းစေမယ့် ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးရာ ရောက်ပါတယ်။ မိုဘိုင်းပေးမင့်တွေ အသုံးပြုခြင်းအားဖြင့် လွယ်ကူအချိန်သက်သာနိုင်တယ်။ ပင်စင်စားကြီးတွေရဲ့ လူရောစိတ်ပါ ပင်ပန်းမှုကို လျော့ကျစေနိုင်ပါတယ်။”

“ဒါပေမယ့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းတွေဟာ အရင်ကတည်းက ပင်စင်လစာကို ဘဏ်မှာထုတ်ရယူတဲ့ စနစ်ဖြစ်တဲ့အတွက် အဲဒီစနစ်ပေါ်မှာ ယုံကြည်မှုရှိတယ်။ အခု နည်းပညာတွေ ပြောင်းလဲပြီး အသုံးပြုလာတဲ့အပေါ်မှာ လူကြီးတွေဖြစ်တော့ အားမရတာ၊ စိတ်မချတာလည်း ပါပါတယ်။ တချို့ကလည်း မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ချင်လို့ ဘဏ်ကို လာကိုလာချင်တာလည်း ပါပါတယ်” ဟုလည်း ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စာလစာများကို မိမိနေထိုင်ရာမြို့နှင့် နီးစပ်သည့်  မြန်မာ့စီးပွားရေးဘဏ်ခွဲ (ပင်စင်စား ထုတ်ယူမှုနည်းသည့် မြန်မာ့စီးပွားရေး ဘဏ်ခွဲ) များတွင်လည်း ထုတ်ယူနိုင်ရန်အတွက် ဘဏ်ပြောင်းလျှောက်ထားခြင်းကို ခွင့်ပြုပေးလျက်ရှိကြောင်း သိရှိရသည်။

ရှင်မင်း