နေပြည်တော် ၂၇ မေ

 

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို   (Mobile Payment) များ အသုံးပြု၍ လွယ်ကူသက်သာစွာ ထုတ်ယူနိုင်ပြီး ဘဏ်ခွဲ ၂၈၁ ခုတွင် Myanmar Mobile Money ဖြင့်လည်း ထုတ်ယူနိုင် ကြောင်း သိရသည်။

 

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို လစဉ် ၂၁ ရက်နောက်ပိုင်း ဘဏ်ဖွင့်ချိန်တိုင်း နေ့စဉ်ထုတ်ယူနိုင်ကြောင်း၊ ထို့ပြင် မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစာရင်းဖွင့်ကာ ယင်းငွေစာရင်းထဲသို့ ပင်စင်လစာ ထည့်သွင်းပေးသည့်အတွက် ဘဏ်ဖွင့်ချိန်တိုင်းလည်း ထုတ်ယူနိုင်သကဲ့သို့ ATM ကတ်ပြုလုပ်ပြီး နီးစပ်ရာ မြန်မာ့စီးပွားရေးဘဏ်၏ ATM စက်များတွင်လည်း ထုတ်ယူနိုင်ကြောင်း သိရသည်။


“Wave Money နဲ့လည်း ထုတ်ယူနေကြတာမျိုးလည်း ရှိပါတယ်။ လက်ရှိမှာ ဘဏ်ခွဲ (၁)၊ ရန်ကုန်အင်းစိန်ဘဏ်ခွဲ၊ တာမွေဘဏ်ခွဲ၊ သင်္ဃန်းကျွန်းဘဏ်ခွဲ၊ ကမာရွတ်ဘဏ်ခွဲ၊ မြောက်ဥက္ကလာပဘဏ်ခွဲ၊ မြောက်ဒဂုံဘဏ်ခွဲနဲ့ လှည်းကူးဘဏ်တွေမှာ ပင်စင်စားအငြိမ်းစားဝန်ထမ်းတွေ ထုတ်ယူနေကြပါတယ်။ မိဘပြည်သူပင်စင်စားတွေရဲ့ အားပေးမှုအပေါ် မူတည်ပြီး ကျယ်ကျန်ပြန့်ပြန့်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ငွေလွှဲခအနေနဲ့တော့ ကျပ် ၃၀ဝ ကျခံရမှာဖြစ်ပါတယ်။ အချိန်ကုန်လူပင်ပန်းတာနဲ့စာရင်တော့ ကျပ် ၃၀ဝ ပေးရတာ တန်တယ်လို့ ထင်ပါတယ်”။

“ဒါပေမယ့် ပင်စင်ဦးစီးဌာနအနေနဲ့ သက်ဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်း မိုဘိုင်းပေးမင့်တွေကို ကြော်ငြာပေးနေတာ မဟုတ်ပါဘူး။ ကျွန်မတို့ဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ်ထဲမှာ ငွေရေးကြေးရေး အလုံးစုံပါဝင်နိုင်မှု၊ ငွေရေးကြေးရေးအသိပညာကို မြှင့်တင်ရမယ့် လုပ်ငန်းစဉ်တစ်ရပ် ပါဝင်ပါတယ်။ နိုင်ငံသားတွေဟာ ဘဏ်စနစ်ကို အသုံးပြုပြီးတော့ ငွေသားအသုံးပြုမှုလျော့နည်းစေမယ့် ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးရာရောက်ပါတယ်။ မိုဘိုင်းပေးမင့်တွေကို အသုံးပြုခြင်းအားဖြင့် လွယ်ကူအချိန်သက်သာနိုင်တယ်။ ပင်စင်စားတွေရဲ့ လူရောစိတ်ပါပင်ပန်းမှုကို လျော့ကျစေနိုင်ပါတယ်” ဟုလည်း ပင်စင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်က ပြောသည်။


အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို မိမိတို့နေထိုင်ရာ မြို့နှင့်နီးစပ်သည့် မြန်မာ့စီးပွားရေးဘဏ်ခွဲ (ပင်စင်စားထုတ်ယူမှုနည်းသည့် မြန်မာ့စီးပွားရေးဘဏ်ခွဲ)များတွင်လည်း ထုတ်ယူနိုင်ရန်အတွက် ဘဏ်ပြောင်းလျှောက်ထားခြင်းကို ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။


ရှင်မင်း