ရန်ကုန် ဇန်နဝါရီ ၁၈
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် ရေမြောင်း ရေစီးရေလာကောင်းမွန်စေရန် အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းနေမှုနှင့် ကားပါကင်အောက် မြေအောက်မြောင်း ရှင်းလင်းနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် အင်းလျားကန်သို့ ဝင်ရောက်သည့် ရေဝင်ပေါက်ဝန်းကျင်တွင် ကန်ရေပြင် တိမ်ကော၍ ကုန်းမြေဖြစ်နေသည့် နေရာများ ပြန်လည်တူးဖော်နေမှုနှင့် ကန်ရေပြင်အတွင်း Aquamarine ယာဉ်ဖြင့် အမှိုက်နှင့် ရေမှော်များ ဆယ်ယူရှင်းလင်းနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်ပတ်လမ်းရှိ တေဇာဒီပကျွန်းသို့ ရောက်ရှိပြီး ကျွန်းစိမ်းလန်းစိုပြည်ရေး ဆောင်ရွက်နေမှုကို လည်းကောင်း၊ ကန်တော်ကြီး သဘာဝဥယျာဉ် အတွင်း လူကူးသစ်သားတံတားဟောင်း ဖျက်သိမ်းပြီးစီးမှု၊ ပိုင်ခေါင်းခွဲ၍ ပိုင်ကွန်ကရစ်လောင်းခြင်း ဆောင်ရွက်ပြီးစီးမှုနှင့် ပြန်လည်ပြုပြင် ခင်းကျင်းနေမှုတို့ကိုလည်းကောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးသို့ရောက်ရှိပြီး မြို့နယ်နေပြည်သူများအတွက် စည်ပင်သာယာဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စုဖွဲ့ဆောင်ရွက်မှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


