မကွေး  ၅   ဇူလိုင်  


ယုံကြည်မှုနှင့် သဒ္ဓါတရားအပေါ် အမှီပြုသည့် အင်းလေးဒေသ ကြာသင်္ကန်း ထုတ်လုပ်ရေး ဈေးကွက်နှင့် မကွေးတိုင်း၊ စလင်းမြို့၊ ဝက်သည်းကန်ကို အမှီပြုသည့် ကြာချည်ထုတ်လုပ်ရေး ဈေးကွက်တို့ ချိတ်ဆက်မိ၍ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေကြောင်း စလင်းမြို့ဒေသခံများထံမှ သိရသည်။

 

1

 


"ကြာချည်တစ်ပိဿာကို သုံးသိန်းဈေးနဲ့ အင်းလေးဒေသက ကြာသင်္ကန်း ထုတ်လုပ်ရေး အဝယ်ဒိုင်တွေဆီ သွင်းရပါတယ်။ ဝက်သည်ကန်ကြီး အနီးအနား ကျေးရွာ(၇)ရွာမှာ ကြာချည်ထုတ်လုပ်ငန်း လုပ်ကိုင်တဲ့သူ ဦးရေတစ်ရာလောက် ရှိနေပါတယ်" ဟု ရှမ်းရွာကုန်းကျေးရွာနေ ကြာချည်လုပ်ငန်း လုပ်ကိုင်သူ ဦးသောင်းစိန်က ပြောပြသည်။


ဝက်သည်ကန်ကြီးအနီးရှိ ကျေးလက်နေပြည်သူများမှာ ကောက်စိုက်ပျိုးနှုတ်လုပ်ငန်းများနှင့် ကန်အတွင်းမှ ကြာပန်းများကို ဘုရားပန်းအဖြစ်ရောင်းချခြင်း၊ ကြာခွက်၊ ကြာစွယ်ခူးယူ ရောင်းချခြင်းတို့သာ အစဉ်အဆက် လုပ်ကိုင်ခဲ့ကြပြီး လွန်ခဲ့သော (၇)နှစ်ခန့်မှစတင်၍ အင်းလေးဒေသမှ ကြာချည်ရက်လုပ်သော လုပ်ငန်းရှင်များ ရောက်ရှိဆက်သွယ်လာရာမှတစ်ဆင့် အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။


"သူတို့ဆီက ကြာချည်ထုတ်ပုံထုတ်နည်းတွေ လာသင်ပေးတယ်။ ပေါက်ဈေးနဲ့လည်း ဝယ်တယ်ဆိုတော့ ဒီကလူတွေအတွက်  နေ့စဉ်ဝင်ငွေ မျှော်လို့ရတာပေါ့။ ဒီ့ထက်ပိုတဲ့ မျှော်လင့်ချက်တွေကတော့ ရှိကြတာပေါ့ဗျာ။ ကုန်ကြမ်းကနေ ကုန်ချော ထုတ်ချင်တယ်။ ဒါပေမယ့် နည်းပညာ၊ ငွေကြေးနဲ့ ဈေးကွက် အခက်အခဲတွေအတွက် အဆင်သင့်မဖြစ်သေးဘူး" ဟု ဒေသခံ ဦးဝင်းက ဆိုသည်။


ကြာချည်လုပ်ငန်း၌ အရင်းအနှီးများရရှိစေရန် စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြစိမ်းရောင် စီမံကိန်း ရန်ပုံငွေမှ ချေးငွေများ ထုတ်ချေးပေးထားသည်ဟု ဌာနတာဝန်ရှိသူက ပြောသည်။


မင်းဘူးခရိုင်၊  စလင်းမြို့မှ နှစ်ပေါင်းသက်တမ်း ၈ဝဝ ခန့်ရှိ ဝက်သည်ကန်ကြီး၏ ရေပြင်အကျယ်မှာ ဧကပေါင်း ၁၀၈၈ ဧကရှိပြီး သဘာဝအလျောက် ပေါက်ရောက်နေသည့် ပဒုမ္မာကြာပန်းများ၏ ရိုးတံများမှ ထုတ်လုပ်သည့်ကြာချည်ဖြင့် ကြာသင်္ကန်းနှင့် ကြာချည်ထည် အသုံးအဆောင်များကို အင်းလေးဒေသ၌ တွင်ကျယ်စွာ ထုတ်လုပ်လျက်ရှိကြောင်း၊ ထိုင်းနှင့် ဗီယက်နန်နိုင်ငံများမှ လာရောက်အတုယူ လေ့လာမှုများရှိနေပြီး ၄င်းတို့၏နိုင်ငံများတွင် ထုတ်လုပ်ရောင်းချမှုများ ရှိနေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။


ဇေယျတု(မကွေး)