အင်းတော် ၂၇ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အာဖရိက ဝက်အပြင်းဖျားရောဂါဆိုင်ရာ သတင်းအချက်အလက်များနှင့် ပတ်သက်၍ အင်းတော်မြို့နယ်ရှိ သတင်းမီဒီယာများအား ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်မွေး/ကုရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
“အိမ်နီးချင်းနိုင်ငံများမှာ ဖြစ်ပွားခဲ့တဲ့ အာဖရိက ဝက်အပြင်းဖျားရောဂါက ယခုအခါမှာ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ဖြစ်ပွားလာပြီဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မွေးကုဦးစီးဌာနမှ အာဖရိကဝက်အပြင်းဖျား ရောဂါဆိုင်ရာများ ကျွန်တော်တို့ မြို့နယ်အတွင်း ဖြစ်ပွားလာပါက သက်ဆိုင်ရာသို့ အချိန်နှင့်တစ်ပြေးညီ သတင်းရရှိတင်ပြပြီး ကြိုတင်ကာကွယ် တားဆီးထိန်းချုပ်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဝက်မွေးမြူသူများ ဌာနဆိုင်ရာများ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့မှာ အင်းတော်မြို့နယ်ရှိ သတင်းမီဒီယာများမှ သတင်းထောက်များအား ဖိတ်ကြားပြီး အာဖရိက ဝက်အပြင်းဖျားရောဂါဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲကို ပြုလုပ်ရတာဖြစ်ပါတယ်”ဟု အင်းတော်မြို့နယ် မွေး/ကုဦးစီးမှူး ဒေါက်တာ ကျော်မင်းဦးက ပြောသည်။
အဆိုပါ အသိပညာပေးရှင်းလင်းပွဲသို့ အင်းတော်မြို့နယ်ရှိ သတင်းမီဒီယာများမှ သတင်းထောက်များ၊ မြို့နယ်မွေး/ကုဦးစီးမှူး ဒေါက်တာ ကျော်မင်းဦးနှင့် လက်ထောက်မွေး/ကု ဦးစီးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုမင်း(အင်းတော်)


