အင်းတော် ၄ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မော်တိတ်နည်းပညာပေး စင်တာနယ်မြေအတွင်းရှိ မင်းကုန်းကျေးရွာ တောင်သူဦးဖုန်းဝယ်၏ စိုက်ခင်းအတွင်း CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသော ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စိုက်ကွက်အား နိုဝင်ဘာ ၃ ရက်နေ့က စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဆင်းဧကရီ-၃ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်အား စံကွက်ရိတ်သိမ်းခဲ့ရာ အစိုထွက် တစ်ဧက အထွက်နှုန်း ၁၁၇ တင်းခန့် ခန့်မှန်းထွက်ရှိနိုင်ကြောင်း၊ အင်းတော်မြို့နယ်အနေဖြင့် နည်းပညာပေးစင်တာအလိုက် မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်များကို စိုက်ပျိုးထားရှိရာ မိုးစပါးမျိုးစေ့ အမျိုးအစားများ အနေဖြင့် ဆင်းဧကရီ-၃၊ ဧရာမင်း၊ မှော်ဘီ မျိုးစပါးများအား မြို့နယ်အတွင်းတွင် ဧက ၅၅၀ စိုက်ပျိုး ထားကြောင်း၊ မိုးစပါး မျိုးစေ့ထုတ် စိုက်ကွက်များအတွင်း မိုးစပါး မျိုးကောင်းမျိုးသန့်များ ရရှိနိုင်ရေး၊ မျိုးစေ့ထုတ်ကွက်များအတွင်း ရောဂါ၊ ပိုးမွှားများ ကျရောက်မှုမရှိစေရေး၊ ပေါင်းကင်းရှင်းရေးတို့အတွက် ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက် တောင်သူများအတွက် ထောက်ပံ့ကြေးများကိုလည်း ထုတ်ပေးထားရှိပြီးဖြစ်ကြောင်းနှင့် ဒေသခံတောင်သူများ အနေဖြင့် မိမိတို့၏ မိုးစပါးစိုက်ကွက်များအတွင်း နည်းပညာအကူအညီများ ရယူလိုပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်၍ အကူအညီများ ရယူနိုင်ကြောင်း အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်ကပြောသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့က မဲဇာနည်းပညာပေးစင်တာ နယ်မြေအတွင်းရှိ တောင်သူ ဦးဝင်းမောင်၏ ဆင်းဧကရီ-၃ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက်အား စံကွက်ရိတ်သိမ်းခဲ့ရာ အစိုထွက် တစ်ဧက အထွက်နှုန်း တင်း ၁၄၀ ခန့် ခန့်မှန်းထွက်ရှိခဲ့ကြောင်းနှင့် ဒေသအတွင်းရှိ တောင်သူများအနေဖြင့် လာမည့် မိုးစပါးစိုက်ရာသီအတွင်း ဒေသထွက် မိုးစပါး မျိုးကောင်းမျိုးသန့်များကို အလွယ်တကူ ဝယ်ယူရရှိနိုင်တော့မည် ဖြစ်ကြောင်းလည်း ဦးသိန်းခိုင်၏ ပြောပြချက်အရ သိရသည်။
လူအောင်(ကသာ)


