မန္တလေး ၂၄ မေ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းတွင် အင်းဝမြို့တည်၊ နန်းတည်ဘုရင်ဖြစ်သည့် သတိုးမင်းဖျားကြေးရုပ်တုကို မေလ ၂၃ ရက်နေ့က စိုက်ထူခဲ့ကြောင်း မြန်မာမှု ပညာရှင်တမ္ပဝတီ ဦးဝင်းမောင်ထံမှ သိရသည်။

 

အဆိုပါကြေးရုပ်တုစိုက်ထူခွင့်ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ခွင့်ပြုပေးခဲ့ပြီး တံတားဦးမြို့နယ် ဥတည်ကျေးရွာအုပ်စု လေသာရပ်အနီး စည်တိုပုံမြို့ရိုးအတွင်း စတင်စိုက်ထူခဲ့ကြောင်း သိရသည်။

 

2.05

 

" စိုက်ထူတာကတော့ မနေ့ကပါ ။ အားလုံးတော့မပြီးစီးသေးပါဘူး။ ကြေးရုပ်အတွက် အချောသပ်လုပ်ငန်းထပ်လုပ်ရဦးမယ်။ " ဟု မြန်မာမှုပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောသည်။

 

အင်းဝမြို့တည်နန်းတည်ဘုရင် သတိုးမင်းဖျား၏ ပုံစံတူ ကြေးရုပ်ထုမှာ အမြင့်ပေ ၁၃ ပေ ၆ လက်မရှိပြီး မတ်တပ်ရပ်ပုံစံဖြစ်ကာ လက်တစ်ဖက်တွင် ဓားကိုကိုင်စွဲထား၍ ကျန်လက်တစ်ဖက်မှာ လှံတံကို ကိုင်မြှောက်ထားသည့် ပုံစံဖြစ်ကာ ကြေးအလေးချိန်မှာ တစ်တန်ခွဲခန့် ရှိကြောင်း သိရသည်။

 

ကြေးရုပ်တင်မည့်ခုံမှာ အမြင့် ၈ ပေခန့်ရှိမည်ဖြစ်ပြီး ကြေးရုပ်ထားရှိရန်အတွက် သက်ဆိုင်ရာက ခွင့်ပြုပေးခြင်းမရှိသေးသောကြောင့် ကြန့်ကြာနေခြင်း ဖြစ်သည်။

 

ရုပ်တုထုလုပ်ရာတွင် ပုဂံမြို့ဟောင်းနှင့် စစ်ကိုင်းမြို့တို့ရှိ နံရံဆေးရေး ပန်းချီများကို လေ့လာ၍ အင်းဝခေတ် ဝတ်စားဆင်ယင်မှုပုံစံကို ရယူခဲ့ရကြောင်း သိရသည်။

 

အင်းဝမြို့ဟောင်းတွင် သတိုးမင်းဖျား ကြေးရုပ်တုစိုက်ထူရန် ၂၀၁၈ခုနှစ် ဩဂုတ်လက တံတားဦးမြို့နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ပင်းယ၊ အင်းဝဌာနစုထံ တင်ပြခဲ့ရာမှ ယခုနှစ် ဖေဖော်ဝါရီ ၁၃ရက်က ခွင့်ပြုအမိန့် ၁၆/၂၀၁၉ဖြင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

 

သူရိန်လင်း

 

FB_IMG_