တံတားဦး  ၂၆ ဇူလိုင်  


မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝသို့ လာရောက်လည်ပတ်သူများ ပိုမိုအဆင်ပြေစေရေးအတွက် မြင်းလှည်း အငှားယာဉ်များကို သြဂုတ်လ ၁ရက်နေ့မှစတင်၍ ယခင် ခရီးစဉ် ၄နေရာလျှင် ၂နာရီကြာ ပြေးဆွဲပေးရာမှ ယခု ၆နေရာလျှင် ၃နာရီကြာ ခရီးစဉ်များတိုးချဲ့ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။


ယခင်က ဗားကရာကျောင်း၊ မယ်နုအုတ်ကျောင်း(မဟာအောင်မြေဘုံစံ)၊ ရတနာစည်တီးဘုရားနှင့် နန်းမြင့်မျှော်စင်ကို မြင်းလှည်းငှားစီးခ ၂နာရီကြာ တစ်သောင်းကျပ်နှင့် မြင်းလှည်းအငှားယာဉ်များ ပြေးဆွဲပေးရာမှ ယခုအခါ ဝင်္ကပါ၊မြင်းမိုရ်တောင် လေးနေရာ ဘုရားအုပ်စုနှင့် လောကသရဖူဘုရားများသို့ ခရီးစဉ်တိုးချဲ့၍ မြင်းလှည်းငှားစီးခ ၃ နာရီကြာ တစ်သောင်းခွဲကျပ်ကောက်ခံကာ ခရီးစဉ်တိုးချဲ့ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း အင်းဝမြင်းလှည်းအသင်း ဥက္ကဋ္ဌ ဦးထွန်းရွှေမှ ပြောသည်။


'နိုင်ငံခြားသားဆိုရင်တော့ မြင်းလှည်းတစ်စီးကို ၂ ယောက်ပဲ တင်ပေးတယ်။မြန်မာဆိုရင်တော့ မြင်းလှည်းတစ်စီးကို ၃ ယောက် ၄ ယောက်ထိ တင်ပေးတယ်  ' ဟု ၎င်းက ဆက်လက်ပြောသည်။


 ' ခရီးစဉ်တိုးသွားပေမယ့် ပိုက်ဆံပိုရတော့ အဆင်ပြေတာပေါ့ဗျာ။ အရင်ကဆို တစ်သောင်းပဲရတော့ သွားလာရေးရယ် မြင်းစာဖိုးရယ် နှုတ်လိုက်ရင် သုံးထောင် လေးထောင်လောက်ပဲ ကျန်တာ။အဲတော့ မိသားစုစားဝတ်နေရေးအတွက် မလောက်ဘူးပေါ့ဗျာ။ အခုလို တစ်သောင်းခွဲရမယ်ဆိုတော့ စားဝတ်နေရေးအတွက် အသက်ရှူတော့ ချောင်သေးတာပေါ့' ဟု မြင်းလှည်းမောင်းသူ ဦးမောင်မောင်က  ပြောသည်။


အင်းဝကို ပြည်တွင်းဧည့်သည်များ လာရောက်လည်ပတ်မှုနည်းပါးပြီး နိုင်ငံခြားသားခရီးသွားများသာ အများဆုံး လည်ပတ်ကြကြောင်းနှင့် နိုဝင်ဘာလ၊ဇန်နဝါရီလ မှ မတ်လသည် နိုင်ငံခြားသားခရီးသည်များ အများဆုံးလာရောက်လည်ပတ်ကြသော အချိန်ဖြစ်၍ မြင်းလှည်းအငှားလိုက်သူများအတွက် အဆင်ပြေပြီး ကျန်လများတွင် လည်ပတ်သူ နည်းပါးသော အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း  သိရသည်။


တင်ဇာလှိုင်(ပြန်/ဆက်)