နေပြည်တော်၊ စက်တင်ဘာ ၁၅

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အငယ်တန်းအင်ဂျင်နီယာ(၂)များ လုပ်ငန်းခွင်ဝင်မွမ်းမံ သင်တန်းအမှတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နေပြည်တော် ဗဟို သင်တန်းကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊  ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက် ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ဖွင့်လှစ်ပြီးစီးခဲ့သည့်သင်တန်းသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေကြသည့်  အငယ်တန်းအင်ဂျင်နီယာ(၂) ဝန်ထမ်း(၄၉)ဦးကို မိမိတို့ဌာန၏ လုပ်ငန်း တာဝန်များကို စာတွေ့၊လက်တွေ့၊ လေ့လာရေး ခရီးစဉ်များနှင့်အတူ (၂)ပတ်ကြာ  ဖွင့်လှစ်ပို့ချပေးခဲ့ပြီး ဖြစ်ပါကြောင်း၊  လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်စေရန်  ဓာတ်အားပေးစက်ရုံများကို ထိန်းသိမ်းမောင်းနှင်ခြင်း၊ ပြုပြင်ထိန်း သိမ်းခြင်းလုပ်ငန်းများနှင့် ဝန်ထမ်းများလိုက်နာရမည့် ကျင့်ဝတ်၊ စည်းကမ်း၊ ဘဏ္ဍာရေး ဆိုင်ရာ၊ ပစ္စည်းဖြည့်တင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်း သိရှိနားလည်အောင် သင်ကြားပို့ချပေးခဲ့ ပါကြောင်း၊ မိမိတို့တာဝန်ကျရာ စက်ရုံများတွင် စက်များစွမ်းအားပြည့် လည်ပတ်နိုင်ရေး ကြိုတင်ပြင်ဆင် ထားရမည်ဖြစ်ပြီး၊ စက်ချို့ယွင်းမှုဖြစ်ပေါ်ပါကလည်း  အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်နိုင်ရေး  ကျွမ်းကျင်အောင် အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်သည့်အခါ စေတနာထားပြီး အားကြိုးမာန်တက် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ထူးချွန်ဆုရရှိသူ သင်တန်းသားများကို ဆုများပေးအပ်ချီးမြှင့်ပြီး ဒုတိယ ဝန်ကြီးက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးထံ ပေးအပ်ခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)