ဖနောင်ပင် ဇွန် ၁
ကမ္ဘောဒီးယားနိုင်ငံ၏ အထင်ကရ အန်ကောဝပ် ရှေးဟောင်းအမွေ အနှစ် ဥယျာဉ်သည် ၂ ၀၂၅ ခုနှစ် ပထမငါးလတွင် လက်မှတ်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၅ သန်း ရရှိခဲ့ပြီး ယမန်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါ က ၁၀ ဒသမ ၆ ရာခိုင်နှုန်း တိုးလာသည်ဟု ဇွန် ၁ ရက်က ထုတ်ပြန်သည်။
ယူနက်စကိုစာရင်းဝင် အန်ကောဝပ်သည် ယခုနှစ် ဇန်နဝါရီမှ မေလအတွင်း နိုင်ငံတကာ ခရီး သွား ၅၂၇၅၇၇ ဦး ဝင်ရောက်ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၁ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယခုနှစ် မေလတစ်လတည်းတွင် ရှေးဟောင်းအမွေအနှစ် ဥယျာဉ်သို့ ပြည်ပခရီးသည် ၅၂၇၆၇ ဦးရောက်ရှိခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၂ ဒသမ ၃၆ သန်းရရှိခဲ့ကာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ခရီးသည်ဝင်ရောက်မှုနှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်းနှင့် ဝင်ငွေရရှိမှုနှုန်း ၃ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။
ဆီရမ်ရိပ်ပြည်နယ် အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး ၄၀၁ စတုရန်းကီလိုမီတာ ကျယ်ဝန်း သော အန်ကောဝပ်ရှေးဟောင်း အမွေအနှစ်ဥယျာဉ်သည် ၉ ရာစုမှ ၁၃ ရာစုအတွင်း တည်ဆောက်ခဲ့သည့် ရှေးဟောင်းဘုရားကျောင်း ၉၁ ခု စုစည်းရာနေရာတစ်ခုဖြစ်သည်။
ဆင်ဟွာ