ရန်ကုန် ဇွန် ၁၄

 

အညာဒေသ၏ အိုအေစစ်ဖြစ်သော ပုပ္ပါးတောင်မကြီးတွင် အရိပ်ရအပင် နှစ်ထောင် ထပ်မံစိုက်ပျိုး သွားမည်ဖြစ်ကြောင်း ရေနံသာဒင်းဂါးညီနောင်များအဖွဲ့ ပရဟိတအသင်းထံမှ သိရသည်။


ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှစတင်ကာ ပုပ္ပါးတောင်မကြီး၌ အရိပ်ရအပင် တစ်သောင်းခန့် စတင်စိုက်ပျိုးခဲ့ကာ အချို့အပင်များမှာ လူတစ်ရပ်ခန့် ပမာဏအမြင့်ရှိနေပြီးဖြစ်ကာ ယခုထပ်မံ စိုက်ပျိုးရန်အတွက် စီစဉ်နေခြင်းဖြစ်သည်။


"ပြီးခဲ့တဲ့အပတ်က ပုပ္ပါးတောင်မကြီးမှာ စိုက်ဖို့အတွက် နေရာသွားကြည့်တယ်။ အပင်အမျိူးအစား နည်းနည်းတော့ ရွေးရဦးမယ်။ စကားဝါပင်တို့၊ သရက်ပင်တို့တော့ပါမယ်။  ရှင်သန်နိုင်မယ့် အပင်ပေါ့။ ကျွန်တော်သွားကြည့်တော့ ရှင်းပါတယ်။ အပင်တွေက အဲဒီမှာ ပြီးခဲ့တဲ့ ၂၀၁၉ ၊ ၂၀၂၀ လောက်တုန်းက ပုပ္ပါးတောင်မကြီးမှာ စစိုက်တာပေါ့၊ အပင်တစ်သောင်း ဝန်းကျင်လောက် စိုက်ထားတယ်။ ဒီနှစ်ကရေနံချောင်း၊ ချောက်နဲ့ ချိန်ရမှာဆိုတော့အပင် နှစ်ထောင်လောက် ထပ်စိုက်ဖို့ရှိတယ်။ အဓိကက လူတွေ၊ မျောက်တွေ၊ ကျေးငှက်စားဖို့ နားဖို့ပေါ့။ သရက်ပင်ဆို တောင်တက်တဲ့သူတွေ၊ မျောက်တွေလည်းစားလို့ရတာပေါ့ဟု ရေနံသာ ဒင်းဂါးညီနောင်များအဖွဲ့ ပရဟိတအသင်းမှ ကိုရေနံသာဒင်းဂါးက ပြောသည်။

 

ထို့အပြင် ရေနံချောင်းနှင့် မကွေးလမ်းဘေးရှိ ပရဟိတဥယျာဉ်အတွင်းနှင့် လမ်းဘေးဝဲယာများတွင် နှစ်ရှည်အရိပ်ရအပင် တစ်သောင်းကို ယခု မိုးရာသီတွင်  စိုက်ပျိုးသွားမည်ဖြစ်ကာ လက်ရှိတွင် အပင်တစ်သောင်းကို ထပ်မံစိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

 

ရေနံ့သာဒင်းဂါးအဖွဲ့သည် အညာဒေသ ရေနံချောင်းမြို့နယ်နှင့် အနီးတဝိုက်တွင် ရေကန်တူး ဖော်ခြင်း၊ ဇရပ်ဆောက်လုပ်ခြင်းနှင့် ရေချမ်းစင်တည်ဆောက်ခြင်းများကို လုပ်ဆောင်ပေးလျက်ရှိ သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

Thit Taw